ဖိလစ်ပိုင်တွင် စက်ရုံမီးလောင်၍ အလုပ်သမား ရာနှင့်ချီ ဒဏ်ရာရရှိ

ဖိလစ်ပိုင်တွင် စက်ရုံမီးလောင်၍ အလုပ်သမား ရာနှင့်ချီ ဒဏ်ရာရရှိ

ဖေဖော်ဝါရီ ၂ ။                   ။ ဖိလစ်ပိုင်နိုင်ငံ မြို့တော် မနီလာ၏ တောင်ဘက် ကီလိုမီတာ ၄၀ အကွာ General Trias မြို့ရှိ စက်ရုံတစ်ရုံ၌ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ အလုပ်သမား ၁၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိသွားကြသည်ဟု အာဏာပိုင်များက ပြောသည်။

Cavite ဒေသရှိ ပို့ကုန်ထုတ်ပိုးဇုန်အတွင်းမှ အိမ်ဆောက်ပစ္စည်းထုတ် စက်ရုံတွင် ဖြစ်ပေါ်ခဲ့သည့် အဆိုပါမီးကြောင့် လုပ်သား ၁၅၅ ဦးထိ ဒဏ်ရာရရှိခဲ့ကြောင်း ဖိလစ်ပိုင် ကြက်ခြေနီအသင်းက တွစ်တာမှတဆင့် ရေးသားထားသည်။

ယမန်နေ့ကတည်းက လောင်ကျွမ်းခဲ့သော ယင်းမီးကို ညလယ်ပိုင်းလောက်ကတည်းက ထိန်းချုပ်နိုင်ခဲ့သည် ဆိုသော်လည်း ယနေ့ ဖေဖော်ဝါရီ ၂ ရက်နံနက်ပိုင်းထိ ဆက်လက်လောင်ကျွမ်းနေကြောင်း မျက်မြင်တွေ့ရှိသည့် epa သတင်းထောက်က ပြောသည်။

မီးခိုးလုံးကြီးများ ယင်း စက်ရုံမှ ထွက်ပေါ်လာနေဆဲဖြစ်ကြောင်း လာရောက်ကြည့်ရှုသူများမှာလည်း မီးအပူရှိန်ကြောင့် မီတာ ၁၀၀ အကွာမှပင် ရပ်ကြည့်နိုင်ခဲ့ကြောင်း သိရသည်။

ယင်းစက်ရုံမှာ လုပ်သားပေါင်း ၆,၀၀၀ ကျော်ခန့်ထားလုပ်ကိုင်နေသည့် အိမ်တွင်းသုံးပစ္စည်းများ ထုတ်လုပ်သည့် စက်ရုံတစ်ရုံဖြစ်ကြောင်းနှင့် မီးလောင်မှုအတွင်း လုပ်သားအချို့ ပိတ်မိနေဆဲဟု ယုံကြည်ရကြောင်းလည်း သတင်းများထွက်ပေါ်နေသည်။

Cavite ဒေသအုပ်ချုပ်ရေးမှူး ဂျီးဆက်စ် ခရစ်စပင် ရီမူလာ၏ အဆိုအရ မီးလောင်မှုကြောင့် လူပေါင်း ၄၀ ဆေးရုံရောက်သွားခဲ့ကြောင်းနှင့် အချို့မှာ ၎င်းတို့၏ ခန္ဓာကိုယ် ၇၅ ရာခိုင်နှုန်း နှင့် ၉၀ ရာခိုင်နှုန်းထိ မီးလောင်ဒဏ်ရာများ ရရှိသွားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required