ဦးမျိုးရန်နောင်သိမ်းကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)ဖြင့် စွဲချက်တင် အမိန့်ချ

ဦးမျိုးရန်နောင်သိမ်းကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)ဖြင့် စွဲချက်တင် အမိန့်ချ

ရန်ကုန်၊ ဖေဖော်ဝါရီလ ၁ ။             ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုသုတေသနလမ်းညွှန်အဖွဲ့၏ အတွင်းရေးမှူး ဦးမျိုးရန်နောင်သိမ်းကို ယနေ့ ဖေဖော်ဝါရီလ ၁ ရက်တွင် ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်တရားရုံး၌ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် ကမာရွတ်မြို့နယ်တရားသူကြီး ဒေါ်သန္တာရှင်က စွဲချက်တင် အမိန့်ချမှတ်ခဲ့သည်။

“ဒီနေ့အမိန့်က ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) စွဲချက်တင်တယ်။ တင်တော့ အပြစ်မရှိဘူး ငြင်းတယ်။ နောက် တရားလိုဘက်က သက်သေကို ပြန်စစ်ဆေးချင်တယ်လို့ပြောတယ်။ ”ဟု ဒေါ်သန္တာရှင်က ပြောသည်။

ဦးမျိုးရန်နောင်သိမ်းသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား ရခိုင်ပြည်နယ်၊ မောင်တောအရေးကိစ္စနှင့် ပတ်သက်၍ အသရေပျက်စေသည့် စာသားများကို လူမှုကွန်ရက်(Facebook) စာမျက်နှာတွင် ရေးသားခဲ့သည့်ဟုဆိုကာ ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဒုဗိုလ်မှူးကြီးလင်းထွန်းက ၂ဝ၁၆ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့တွင် လှိုင်မြို့နယ်ရဲစခန်း၌ အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

“စွဲချက်နဲ့ ပတ်သက်လို့ ဦးမျိုးရန်နောင်သိမ်းက မကျေနပ်ဘူးပေါ့ဗျာ။ သူက စွဲချက်ကို ပယ်ဖျက်ပေးဖို့ ခရိုင် တရားရုံးကို ကျွန်တော်တို့ တက်ဖို့စီစဉ်နေပါတယ်။ နောက်တစ်ခုကလည်းခုနကပြောသလို တရားခံ အပြစ် ပေါ့လေ။ အစစ်ခံဖို့ရယ်၊ သက်သေပြဖို့အတွက်ရယ် စီစဉ်ထားပါတယ်။”ဟု ဦးမျိုးရန်နောင်သိမ်းအမှု အကျိုးဆောင်ပေးသူ NLD ပါတီဗဟိုဥပဒေ အထောက်အကူပြုအဖွဲ့ဝင်ရှေ့နေ ဦးကျော်ဟိုးက ပြောသည်။

အဆိုပါ တရားလိုဘက်မှ သက်သေတစ်ဦးကို ပြန်လည်စစ်မေးရန်အတွက် ကမာရွတ်မြို့နယ်တရားရုံးတွင် ဖေဖော်ဝါရီလ ၇ ရက်၊ မွန်းလွဲ ၁ နာရီကို ရုံးချိန်းလိုက်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required