အိုဘားမားအနေဖြင့် ဘာမှမလုပ်တော့ဘဲ အထုပ်သာ ပြင်ထားဖို့ မြောက်ကိုရီးယား ပြော

အိုဘားမားအနေဖြင့် ဘာမှမလုပ်တော့ဘဲ အထုပ်သာ ပြင်ထားဖို့ မြောက်ကိုရီးယား ပြော

ပြုံယမ်း၊ ဇန်နဝါရီ ၁၇ ။        ။ မြောက်ကိုရီးယားနိုင်ငံသည် ခေါင်းဆောင် ကင်ဂျုံးအွန်၏ ညီမဖြစ်သူအား လူ့အခွင့်အရေး အလွဲသုံးစားမှုများဖြင့် အမေရိကန်နိုင်ငံက နာမည်ပျက်စာရင်း သွင်းလိုက်ခြင်းကို တုံ့ပြန်မှုအဖြစ် တာဝန်ယူဆဲ သမ္မတ အိုဘားမားအနေဖြင့် အိမ်ဖြူတော်က ထွက်ခွာရတော့မည်ဖြစ်ရာ အထုပ်သာ ပြင်ထားရန် တိုက်တွန်းလျက် ရှုတ်ချပြောဆိုလိုက်သည်။

လူ့အခွင့်အရေး အလွဲသုံးစားမှုများဖြင့် မြောက်ကိုရီးယားအပေါ် အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့သည့် နာမည်ပျက်စာရင်း ခုနစ်ခုကို ပြီးခဲ့သည့် သီတင်းပတ်က အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ရာတွင် ကင်ဂျုံးအွန်၏ ညီမဖြစ်သူ ယိုဂျုံးအား ထည့်သွင်းထားခဲ့ခြင်းဖြစ်သည်။

ကမ္ဘာ့တွင် လူ့အခွင့်အရေးချိုးဖောက်မှု အဆိုးဆုံးတစ်နိုင်ငံအဖြစ် မြောက်ကိုရီးယားအား အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပြီးနောက် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ယခုကြေညာချက် ထွက်ပေါ်လာခြင်းလည်းဖြစ်သည်။

“အိုဘားမားကို အကြံပြုချင်တာက အခြားသူတွေရဲ့ လူ့အခွင့်အရေးကိစ္စရပ်တွေနဲ့အတူ ပြဿနာကိစ္စရပ်တွေပေါ် အချိန်ဖြုန်းမနေဘဲ အိမ်ဖြူတော်မှာ အထုပ်အပိုး ပြင်ဖို့ကိုသာ ကောင်းကောင်း စီမံခန့်ခွဲနေပါ။  ”ဟု မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းဌာနက ဇန်နဝါရီ ၁၆ ရက်နှောင်းပိုင်းတွင် သဘောထားမှတ်ချက် ရေးသားခဲ့ခြင်းဖြစ်သည်။

အိုဘားမားသည် ၎င်း၏ ရာထူးသက်တမ်းတစ်လျှောက် အမေရိကန်၌ အဆိုးဆုံးလူ့အခွင့်အရေးအခြေအနေကို ဖန်တီးခဲ့သူဖြစ်ကြောင်း KCNA က ထပ်လောင်းဖော်ပြသည်။ “များစွာသော အမေရိကန်နှင့် ကမ္ဘာပေါ်က အခြားသောသူများအတွက် နာကျင်မှုတွေ၊ ကံဆိုးခြင်းတွေ ယူဆောင်လာခဲ့ခြင်းအတွက် အိုဘားမားက ကောင်းကောင်း နောင်တရနေပြီ။”ဟုလည်း ရေးသားထားသည်။

နျူကလီးယားလက်နက်ပိုင် မြောက်ကိုရီးယားက အိုဘားမား တာဝန်ယူသည့် သက်တမ်းအတွင်း နျူကလီးယားနှင့် ဒုံးကျည်စမ်းသပ်မှုများကို လုပ်ဆောင်ခဲ့ရာ ရလဒ်အဖြစ် အမေရိကန်က ပိုမိုတင်းကျပ်သည့် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခဲ့ရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly