မိရိုးဖလာ ရွှေကျင်နေသူများနှင့် ရွှေအင်းဖောက်၍ လုပ်ကိုင်နေသူများ လုပ်ကိုင်ခွင့် တားမြစ်ခံနေရ

မိရိုးဖလာ ရွှေကျင်နေသူများနှင့် ရွှေအင်းဖောက်၍ လုပ်ကိုင်နေသူများ လုပ်ကိုင်ခွင့် တားမြစ်ခံနေရ
(ဓာတ်ပုံ၊ အောင်ကိုဦး၊ မဇ္ဈိမ)

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်အတွင်းရှိ မိရိုးဖလာရွှေကျင်နေသူများနှင့် ရွှေအင်းဖောက်၍လုပ်ကိုင်နေသူများကို ထက်ရည်လင်း ရွှေတူးဖော်ရေးကုမ္ပဏီမှ တားမြစ်ခြင်းများ ပြုလုပ်နေခြင်းကြောင့် စားဝတ်နေရေး ခက်ခဲမှုများ ကြံုတွေ့နေရသည်ဟု တားမြစ်ခံထားရသူများက မဇ္ဈိမကို ပြောသည်။

"အင်ဝိုင်းနဲ့ပဲ ရှာကြတာပါ။ ဘာစက်ပစ္စည်းမှ မပါဘူး။ သူတို့ သတ်မှတ်ဧရိယာအတွင်းရှာတာလည်း မဟုတ်ဘူး။ ချောင်းကြား၊ မြောင်းကြားမှာ ရှာကြတာများပါတယ်။ ကိုယ့်ရွာမြေထဲတို့ ရွာအနီး   တွေက တောင်ကြောတို့မှာရှာကြတယ်။ ဘာမှ သစ်ကြီး၊ဝါးကြီး ပျက်စီးတာမရှိဘူး။ ချောင်းပျက်တာလည်းမရှိဘူး။ဒါကို လာလာတားနေကြတယ်"ဟု မိရိုးဖလာရွှေကျင်ခြင်းလုပ်ငန်း လုပ်သူ ကံတောင်ကျေးရွာမှ ဦးလှရွှေကပြောသည်။

မိရိုးဖလာရွှေကျင်နေသူများအပြင် ရွှေတူးဖော်ရေးကုမ္ပဏီများမှ ရွှေအင်းဖောက်၍ လုပ်ကိုင်နေသော လုပ်ကွက် ၅၀ ကိုလည်း ပိတ်ပင်ထားပြီး ကုမ္ပဏီများနှင့်နီးစပ်သူများကို ပြန်လည်လုပ်ကိုင်ခွင့် ချထားပေးနေသည်ဟုလည်း ဒေသခံတစ်ချို့ကဆိုသည်။

"ကျွန်တော်တို့ အင်းဖောက်တယ်ဆိုတာက ကုမ္ပဏီကို သတ်မှတ်အခွန်ဆောင်ပြီး လုပ်ရတာပါ။ စလုပ်ကတည်းက သူတို့မကြိုက်တဲ့နေရာ။သူတို့မလုပ်တဲ့နေရာတွေ ချပေးတာပါ။လုပ်ပြီးလို့ ရွှေရတော့ မယ်ဆို လာတားပါတယ်။ ပြီးရင် သူတို့နဲ့နီးစပ်သူကို ပြန်ချပေးတယ်။ကျွန်တော်တို့က ဒီအင်းဖောက်တဲ့ ကုန်ကျငွေဆုံးရှုံးပါတယ်။ တစ်နေရာသွားပြီး ပြန်ဖောက်ဖို့ဆိုတာဘယ်လိုမှမဖြစ်ပါဘူး " ဟု အင်းအပိတ်ခံထားရသူ ဦးပေါက်စီကပြောသည်။

ရွှေအင်းတစ်အင်းဖောက်လျှင် ကျပ်သိန်း ၁၅၀ မှကျပ်သိန်း ၅၀၀ အထိ ကုန်ကျပြီး တစ်အင်းတွင် ဒေသခံလုပ် ၂၀ ဦး လုပ်ကိုင်ကြောင်းသိရသည်။ အင်းလုပ်ငန်းမှာ သက်ဆိုင်ရာကုမ္ပဏီမှ ရွှေတူးဖော်ရန် လုပ်ကိုင်ခွင့်ကျထားသောမြေပေါ်တွင် ဒေသခံများက အခကြေးငွေပေးပြီး လုပ်ကိုင်ကြခြင်း ဖြစ်သည်။

ထိုသို့ရွှေအင်းဖောက်ခြင်းနှင့်မိရိုးဖလာရွှေကျင်လုပ်ငန်းကို ဒေသခံအများစုကသာ လုပ်ကိုင်ဆောင်ရွက်ကြခြင်းဖြစ်ကြောင်းသိရသည်။

မိရိုးဖလာရွှေကျင်နေသူများနှင့် ရွှေအင်းဖောက်သူများကို ထက်ရည်လင်းရွှေတူးဖော်ရေးကုမ္ပဏီမှ ၂၀၁၄ ခုနှစ်၊ အောက်တိုဘာမှစတင် တားမြစ်ပိတ်သိမ်းနေရာ ယခုအချိန်ထိဖြစ်ကြောင်း တားမြစ်၊ပိတ်သိမ်းခံရသူများက ဆိုသည်။

ထိုသို့တားမြစ်၊ ပိတ်သိမ်းခံထားရခြင်းကြောင့်လက်ပံလှ၊ နွယ်ရုံ၊ကျည်တောက်ပေါက်၊ ကံတောင်ကျေးရွာတို့မှ ဒေသခံရွှေလုပ်သား ၃၀၀၀ ဦးကျော် အလုပ်လက်မဲ့ ဖြစ်နေသည်ဟုလည်း ကျည်တောက်ပေါက်ကျေးရွာမှ ဦးနိုင်ဝင်းက ဆိုသည်။

"အကုန်အလုပ်လက်မဲ့ ဖြစ်နေတယ်။ ဘာလုပ်စားရမှန်းမသိဘူး။ ချောင်းလေးမြောင်းလေး အင်ဝိုင်းလှည့်တော့လည်း လာတားနေတော့ ဘာမှလုပ်စားစရာမရှိဘူး။ ဒီလိုအလုပ်မရှိလို့ ကုမ္ပဏီက အလုပ်ပြန်ခန့်လား ဆိုတော့လည်း မခန့်ဘူး "ဟု ဦးနိုင်ဝင်းက ပြောသည်။

ထက်ရည်လင်းရွှေတူးဖော်ရေးကုမ္ပဏီ တာဝန်ခံ ဦးတင်ကိုက "အင်းပိတ်တာ ဘာညာက မပြောချင်ဘူး။ ဒေသခံတွေကို အလုပ်ပေးတယ်ကွာ အကျင့်မကောင်းသူတွေတော့ မပေးဘူး။ မင်းပေးမလား "ဟု မဇ္ဈိမကို ပြောသည်။

နိုဝင်ဘာလ ၂၆ ရက်ကလည်း ထက်ရည်လင်းရွှေတူးဖော်ရေးကုမ္ပဏီပိုင်သည့် ရွှေချက်စက်ရုံကို သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးရာကော်မတီက ဝင်ရောက်စစ်ဆေးရာ ဆိုင်ရာနိုက်အက်ဆစ်များ စည်းကမ်းမဲ့စွန့်ပစ်သည်ကိုတွေ့ရှိခဲ့ရသည်ဟု ဝင်ရောက်စစ်ဆေးခဲ့သည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းဦးက မဇ္ဈိမကိုပြောသည်။ ဆိုင်ယာနိုက်ကို   ရွှေသန့်စင်ရာတွင် အသုံးပြုကြပြီး ယင်းသည် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်သည်။

ဒေသခံအများစုအနေဖြင့် ရွှေအင်းဖောက်ခွင့်နှင့် မိရိုးဖလာရွှေကျင်သည့် လုပ်ငန်းများ ပြန်လည်လုပ်ကိုင်ခွင့် ရရှိလိုသည်ဟု ဆိုကြသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးမျိုးသစ်က "တစ်နိုင်တစ်ပိုင်တွေက ပြည်ထောင်စု အစိုးရအဖွဲ့က တိုက်ရိုက်ကိုင်တာဆိုတော့ ဘာမှမသိသေးဘူး " ဟု ရက်အနည်းငယ်က မဇ္ဈိမကို ပြောကြားထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required