တရုတ်တာဝန်ရှိသူ တစ်သန်းကျော်အား အကျင့်ပျက်ခြစားမှုကြောင့် အပြစ်ပေး

တရုတ်တာဝန်ရှိသူ တစ်သန်းကျော်အား အကျင့်ပျက်ခြစားမှုကြောင့် အပြစ်ပေး

ပေကျင်း၊ အောက်တိုဘာ ၂၅ ။            ။ တရုတ်နိုင်ငံတွင် သုံးနှစ်အတွင်း အကျင့်ပျက်ခြစားမှုကြောင့် တာဝန်ရှိသူပေါင်း တစ်သန်းကျော်ကို အပြစ်ပေး အရေးယူခဲ့ကြောင်း အစိုးရက ပြောသည်။ ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်သူ ၄၀၉ ဦးကိုလည်း ယခုနှစ်အတွင်း ဖမ်းဆီးနိုင်ကြောင်း သိရသည်။

ပေကျင်းတွင် တရုတ်ကွန်မြူနစ်ပါတီ၏ ထိပ်တန်းအကြီးအကဲများ တံခါးပိတ်စုံညီအစည်းအဝေးစတင်နေချိန် ယခုစာရင်းအချက်အလက်အား ထုတ်ပြန်လာခြင်းလည်းဖြစ်သည်။

တရုတ်နိုင်ငံအတွင်း အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးကို သမ္မတရှီကျင့်ဖျင်က ဦးစီးဦးဆောင်ပြုကာ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိနေသည်။

သို့သော်လည်း အချို့သော စောင့်ကြည့်သူများက သမ္မတရှီကျင့်ဖျင်၏ ပြိုင်ဖက်များအား ရှင်းလင်းရေးအဖြစ် ဖမ်းဆီးထောင်တန်းချခြင်းများ လုပ်ဆောင်ခြင်းလည်းဖြစ်ကြောင်း ပြောသည်။

ယခုကျင်းပသော လျှို့ဝှက်စုံညီ အစည်းအဝေးတွင် ကွန်မြူနစ်ပါတီ၏ စည်းမျဉ်းစည်းကမ်းများ ပြောင်းလဲရေး ဆွေးနွေးလိမ့်မည်ဟု ပေကျင်းရှိ ဘီဘီစီသတင်းထောက်က ပြောသည်။

သို့သော် အပြောင်းအလဲများက သမ္မတရှီကျင့်ဖျင်ကို ပို၍ အာဏာဖြည့်တင်းပေးလာနိုင်သည်ဟု အကဲဖြတ်များက သတိပေးကြောင်း ၎င်းက ဖြည့်စွက်ဆိုသည်။

ကွန်မြူနစ်ပါတီ၏ အကျင့်ပျက်ခြစားမှု စောင့်ကြည့်ရေးအဖွဲ့အရ ၂၀၁၃ ခုနှစ်မှစကာ အကျင့်ပျက်ခြစားမှုကြောင့် တာဝန်ရှိသူ တစ်သန်းကျော်ထက် မနည်းအား အရေးယူ အပြစ်ပေးခဲ့ကြောင်း   ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required