ထိုင်းကို သရေ ကစားနိုင်သော်လည်း အာဆီယံယူ-၁၉ ပြိုင်ပွဲမှ မြန်မာအသင်း ထွက်ခဲ့ရ

ထိုင်းကို သရေ ကစားနိုင်သော်လည်း အာဆီယံယူ-၁၉ ပြိုင်ပွဲမှ မြန်မာအသင်း ထွက်ခဲ့ရ
ဓာတ်ပုံ - MFF

အာဆီယံ ယူ-၁၉ ပြိုင်ပွဲ၏ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ကစားခဲ့သော မြန်မာအသင်းနှင့် ထိုင်းအသင်းတို့၏ ပွဲစဉ်မှာ တစ်ဖက် တစ်ဂိုးစီဖြင့် သရေကျကာ ပြီးဆုံးခဲ့သည်။

မြန်မာအသင်းသည် ထိုင်းအသင်းကို သရေကစားနိုင်ခဲ့သော်လည်း တစ်ဖက်တွင် သြစတြေးလျအသင်းက လာအိုအသင်းကို ၂ ဂိုး၊ ၁ ဂိုးဖြင့် အနိုင်ရသွားသည့်အတွက် ပြိုင်ပွဲမှ ထွက်ခဲ့ရပြီဖြစ်သည်။

မြန်မာအသင်းပါဝင်သော အုပ်စု(ဘီ)တွင် ထိုင်းအသင်းက ၁၃ မှတ်ဖြင့် အုပ်စု ပထမ၊ သြစတြေးလျက ၁၂ မှတ်ဖြင့် အုပ်စုဒုတိယ၊ မြန်မာအသင်းက ၈ မှတ်ဖြင့် အုပ်စုတတိယ ရရှိခဲ့ကြသည်။

ယနေ့ပွဲစဉ်တွင် မြန်မာအသင်းသည် အကောင်းဆုံးကြိုးစားကစားခဲ့ပြီး အဖွင့်ဂိုး ရရှိခဲ့သော်လည်း ထိုင်းအသင်းကို တစ်ဦးချင်းနှင့်အသင်းလိုက်စုစည်းမှုတွင် မယှဉ်နိုင်ခဲ့ဘဲ ချေပဂိုးပြန်ပေးခဲ့ရကာ သရေကျခဲ့ရသည်။

ပထမပိုင်းတွင် ထိုင်းအသင်းက ဘောလုံးပိုင်ဆိုင်မှုအသာစီးရရန် ကစားခဲ့ပြီး မထင်မှတ်ဘဲ ပွဲချိန် ၈ မိနစ်၌ ချေပဂိုးပေးခဲ့ရသည်။ မြန်မာအသင်း၏ ညာတောင်ပံတိုက်စစ်တွင် ရရှိသော ပြစ်ဒဏ်ဘောကို စိုးမိုးထွန်း ဂိုးရှေ့တင်ပေးရာ၌ ထိုင်းနောက်ခံလူများနှင့် ထိပြီး ဂိုးဝင်သွားခဲ့ခြင်း ဖြစ်သည်။

ဂိုးပေးလိုက်ရပြီးနောက် ထိုင်းအသင်းမှာ ချေပဂိုးရရန်ကြိုးစားကစားသော်လည်း မြန်မာအသင်းက ခံစစ်ကို အသေအချာ ပိတ်ဆို့ကစားခဲ့သည့်အတွက် ထိုင်းတို့ အပိုင်ကန်ခွင့်မျိုး မရရှိဘဲ ပထမပိုင်း ပြီးဆုံးခဲ့ရသည်။

ဒုတိယပိုင်းတွင် ထိုင်းအသင်းမှ အဓိက ကစားသမားအချို့ ဝင်ရောက်လာခဲ့ပြီး ဆက်လက် တိုက်စစ်ဖွင့်ကစားခဲ့သည်။ မြန်မာအသင်းကတော့ ခံစစ်ကိုအဓိကထားပြီး တန်ပြန်တိုက်စစ်ဖြင့် ကစားခဲ့သည်။

ပွဲချိန် ၅၈ မိနစ်အရောက်တွင်တော့ မြန်မာအသင်း ချေပဂိုးပေးခဲ့ရသည်။ ကွင်းလယ်မှ Sorawit Panthong တင်ပေးလိုက်သည့် ဘောလုံးကို Wongkorn က ခေါင်းတိုက် ပြန်ချပေးတာကနေ တစ်ဆင့် ကျောနံပါတ် ၂၁ Supachai Jaided က ပိတ်သွင်းသွားခဲ့ခြင်း ဖြစ်သည်။

ချေပဂိုးရအပြီးတွင်လည်း ထိုင်းက အတွဲအဖက်မိမိဖြင့် ဆက်လက်တိုက်စစ်ဆင် ကစားခဲ့ပြန်သည်။ ထို့ကြောင့် ပွဲချိန် ၆၆ မိနစ်၌ ထိုင်းမှ Supachai Jaided ကို မြန်မာအသင်းမှ ဧရိယာအတွင်း ပြစ်ဒဏ်ကျူးလွန်သည့်အတွက် ပင်နယ်တီပေးခဲ့ရသည်။ ထိုပင်နယ်တီကို နံပါတ် ၁၀ Limwattana က ကန်သွင်းရာတွင် မြန်မာဂိုးသမား ဆန်းဆက်နိုင် လက်စွမ်းပြကာကွယ်ခဲ့သည်။

ကျန်ပွဲချိန်များတွင်လည်း ထိုင်းအသင်းက အသာစီးဖြင့် ကစားခဲ့ပြီး ဂိုးဘားတန်းတစ်ကြိမ်ထိခဲ့သေးသော်လည်း ဂိုးတော့ ထပ်မရခဲ့သည့်အတွက် တစ်ဖက် တစ်ဂိုးစီဖြင့်သာ ပွဲပြီးဆုံးသွားခဲ့ရသည်။

မြန်မာအသင်းသည် ယခုပြိုင်ပွဲတွင် အုပ်စုပွဲစဉ် ငါးပွဲကစားခဲ့ရာ ၂ ပွဲနိုင်၊ ၂ ပွဲသရေကျပြီး ၁ ပွဲရှုံးခဲ့သည်။ ရဂိုး ၁၁ ဂိုး ရရှိခဲ့ကာ ပေးဂိုး ၁၀ ပေးခဲ့ရပြီး ရမှတ် ၈ မှတ်ဖြင့် အုပ်စုတတိယနေရာမှ အိမ်ပြန်ခဲ့ရပြီ ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required