တိုင်းရင်းသား ဒေသများ ငြိမ်းချမ်းရေးအတွက် မြန်မာ့ငြိမ်းချမ်းရေး ပွဲတော်ကို (၄)ကြိမ်မြောက် ကျင်းပမည်

တိုင်းရင်းသား ဒေသများ ငြိမ်းချမ်းရေးအတွက် မြန်မာ့ငြိမ်းချမ်းရေး ပွဲတော်ကို (၄)ကြိမ်မြောက် ကျင်းပမည်

ရန်ကုန်၊ စက်တင်ဘာလ ၁၉ ။       ။ တိုင်းရင်းသား ဒေသများတွင် ဖြစ်ပွားနေသော ပြဿနာ အရပ်ရပ်များ ငြိမ်းချမ်းစေရန်အတွက် ရည်ရွယ်၍ စက် တင်ဘာလ ၂၄ ရက်နေ့တွင် ရန်ကုန်မြို့ အောင်ဆန်းအား ကစားကွင်း၌ (၄)ကြိမ်မြောက် မြန်မာ့ငြိမ်းချမ်းရေး ပွဲတော်ကို ကျင်းပသွားမည်ဖြစ်ကြောင်း ဒါရိုက်တာ ဦးဇာဂနာက မဇ္ဈိမသို့ ပြောသည်။

မြန်မာ့ငြိမ်းချမ်းရေးပွဲတော် ၂ဝ၁၆ ကျင်းပရေးနှင့် ပတ်သတ်၍ စက်တင်ဘာလ ၁၉ရက်က ရန်ကုန်မြို့၊ဗိုလ်တစ် ထောင် ဘုရားလမ်းနှင့် အနော်ရထားလမ်းထောင့် ရှိ Orchid ဟိုတယ်တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်း ပွဲတွင် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“ ကျွန်တော်တို့ တိုင်းပြည်မှာ အခု အရေးအကြီးဆုံး ဖြစ်နေတဲ့ အရာက ငြိမ်းချမ်းရေးပဲ။ ငြိမ်းချမ်းရေးက အရေး ကြီးတယ်ဆိုတာကို အားလုံးရဲ့စိတ်ထဲမှာ ပေါ်နေစေချင်တာပေါ့လေ။ နောက်တစ်ခု မေ့မသွားစေချင်ဘူး။ ကျွန် တော်တို့က ရန်ကုန်လို နေရာမှာနေပြီးတော့ ငြိမ်းချမ်းရေး၊ ငြိမ်းချမ်းရေးလို့ ပြောနေရတာလည်း သိပ်မကောင်း လှပါဘူး။ တကယ့်တစ်ကယ်ကတော့ တိုင်းရင်းသား ဒေသတွေမှာ ကျွန်တော်တို့ ညီကိုမောင်နှမတွေ ဘယ်လောက်ထိ ဒုက္ခရောက်နေကြတယ်ဆိုတာ အားလုံးသိကြတဲ့ အတိုင်းပါပဲ။ အမှန်ကတော့ အဲ့ဒီဒေသတွေမှာ ဖြစ်နေတဲ့ ပြဿနာတွေကို အမြန်ဆုံး ငြိမ်းချမ်းစေချင်ပြီ၊ ဒီစိတ်ကြောင့် ကိုယ်ရှိတဲ့ နေရာကနေ လုပ်ဖြစ်တာပါ။” ဟု ဒါရိုက်တာ ဦးဇာဂနာက ပြောသည်။

အဆိုပါ ငြိမ်းချမ်းရေး ပွဲတော်တွင် စတုဒီသာ အကျွေးအမွေးများ၊ စောဖိုးခွား (One Love) နှင့် ကိုသူ (Ghost) တို့မှ ငြိမ်းချမ်းရေး သီချင်းများဖြင့် သီဆိုဖျော်ဖြေခြင်းနှင့် သီး ၄ သီး၊ ဟား ၅ကောင်၊ မြန်မာပြည်သား၊ ယူနစ် စသည့် လူရွှင်တော်များ၏ ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် ပြတ်လုံးများ အပါအဝင် နိုင်ငံရေး အကျဉ်းသားဟောင်းများ ပါဝင်သော ဘောလုံးအသင်းနှင့် အနုပညာအလွှာပေါင်းစုံမှပါဝင်သော ဘောလုံးအသင်းတို့က ငြိမ်းချမ်းရေး ဘောလုံးပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း စောဖိုးခွား(One Love)က ပြောသည်။

“ဒီပွဲကို ကျင်းပရတာက အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ ဖြစ်တဲ့အတွက် ငြိမ်းချမ်းရေး အထိမ်းအမှတ် တစ်ခု ဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ အသိတွေပေးမယ်။ ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ ဒီခံစားမှုတွေ၊ နွေးထွေးမှုတွေ၊ လုပ်ဆောင်မှုတွေကို တစ်ယောက်နဲ့ တစ်ယောက် ဖလှယ်ပြီးတော့ ပေါင်းစပ်ပြီး လုပ်ဆောင်နိုင် ကြပါစေဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ခြင်းဖြစ်ပါတယ်။ ”ဟု ၎င်းက ဆိုသည်။

(၄)ကြိမ်မြောက် ငြိမ်းချမ်းရေးပွဲတော်ကို စက်တင်ဘာလ ၂၄ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် စတုဒီသာ ကျွေးမွေးခြင်းဖြင့် စတင်မည်ဖြစ်ပြီး ငြိမ်းချမ်းရေးပွဲတော်ကို ၂ဝ၁၃ ခုနှစ်မှ စတင်ကာ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ ဖြစ်သည့် စက်တင်ဘာလ ၂၁ ရက်နေ့တွင် နှစ်စဉ် ကျင်းပခဲ့ပြီး ယခုနှစ်တွင် အခက်အခဲများကြောင့် ၂၄ ရက် နေ့တွင် ကျင်းပရခြင်း ဖြစ်ကြောင်း အဆိုပါ သတင်းစာ ရှင်းလင်းပွဲမှ သိရှိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required