ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာ ပိုမိုသိရှိလာစေရန် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လုပ်မည်

ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာ ပိုမိုသိရှိလာစေရန် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လုပ်မည်

ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးများအကြောင်းကို မြန်မာနိုင်ငံအတွင်းရှိ ကလေးသူငယ်များ၊ မိဘများ၊ ဆရာ/ဆရာမများ ပိုမိုသိရှိလာစေရန်အတွက် ၂ဝ၁၃ ခုနှစ်မှစတင်လုပ်ဆောင်ခဲ့ကာ ၂ဝ၂၃ ခုနှစ်ထိ ၁ဝနှစ် စီမံကိန်းကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကလေးသူငယ်အခွင့်အရေးများ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်မှ အစီအစဉ် ဒါရိုက်တာ ဦးအာကာစိုးနောင်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရ၏ ညွှန်ကြားမှုဖြင့် မြန်မာနိုင်ငံ ကလေးသူငယ် အခွင့်အရေးများ ဖွံ့ဖြိုး တိုးတက်ရေးကွန်ရက်မှ ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးနှင့် ပူးပေါင်းကာ ကလေးသူငယ်များ ဘဝ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းနှင့် ပတ်သက်၍ ယနေ့ စက်တင်ဘာလ ၁၅ရက်၊ နံနက် ၁၁နာရီ၊ ရန်ကုန်မြို့ရှိ အထက(၂)စမ်းချောင်းမြို့နယ်တွင် ကျင်းပသည့် ပညာပေး ဟောပြောပွဲတွင် ဖြေကြားခဲ့ ခြင်းဖြစ်သည်။

“ဘက်စုံဖွံ့ဖြိုးတိုးတက်တဲ့ ကလေးဖြစ်ဖို့အတွက်ဆိုရင် မိဘ၊ ဆရာ၊ ကလေး ဒီသုံးဦး သုံးသွယ် အပေးအယူ မျှဖို့လိုတယ်။ အပေးအယူမမျှဘူးဆိုရင် ကလေးက တစ်ဖက်စွန်း ဖြစ်သွားလိမ့်မယ်၊ အဆင်မပြေဘူး။ သူ့ဘဝလေးက အဆင်မပြေဘူးဖြစ်တဲ့အတွက် တိုင်းပြည်အတွက်လည်း နစ်နာတယ်၊ ဆုံးရှုံးတယ်ဆိုတော့ အဲ့ဒါလေးတွေကို ကလေးတွေသာမက မိဘတွေကော ဆရာ၊ ဆရာမတွေကော ဒီအခြေခံ ကလေးအခွင့်အရေးကို ဗဟိုပြုပြီးတော့ အသက်ရှင်သန် တတ်ဖို့အတွက် ဒီစီမံကိန်းကို လုပ်ဆောင်ရတာ ဖြစ်ပါတယ်” ဟု ပြောသည်။

၂ဝ၁၇ ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး တစ်ခုလုံး အတိုင်းအတာဖြင့် ပညာပေးဟောပြောပွဲများ ပြုလုပ်နိုင်ရန် ကျောင်းများရှိ ဆရာ၊ဆရာမများကို သင်တန်းများပေးခြင်း၊ ခရိုင်အဆင့်၊ မြို့နယ် အဆင့်လိုက် အလုပ်ရုံဆွေးနွေးပွဲများ ခေါ်ယူခြင်းများ ပြုလုပ်၍ လုပ်ဆောင်သွား မည်ဖြစ်ကြောင်း ဦးအာကာစိုးနောင် ပြောသည်။

“ဆရာမတို့က ဒီကလေးလေးတွေကို လူ့အခွင့်အရေးဘယ်လိုရသင့်တယ်။ နောက်မိဘတွေနဲ့လည်း ဘယ်လိုအလုပ်တွေ အိမ်မှာဝိုင်းကူပြီး လုပ်ရမယ်။ ကျောင်းထဲမှာလည်းပဲ အသင်းအဖွဲ့တွေနဲ့ ဘယ်လို ပေါင်းစည်းပြီးလုပ်ရမယ်။ ဒါတွေကို ဒီမှာရှိတဲ့ ဆရာ၊ဆရာမ အင်အားတွေနဲ့ သူတို့တွေကို အမြဲတမ်း လေ့ကျင့်ပေးပါတယ်၊”ဟု အ.ထ.က(၂)စမ်းချောင်း၊ အထက်တန်းပြ ကာယဆရာမ ဒေါ်မာမာသိန်းက ပြောသည်။

ယခုလအတွင်း ရန်ကုန်တိုင်းဒေသကြီးတွင် ဟောပြောပွဲများကို အ.ထ.က (၂)ကမာရွတ်၊ အင်းစိန်မြို့ နယ်ရှိ ဆရာမျိုး (ဓာတု)အောင်ကောင်းစံ ကိုယ်ပိုင်အထက်တန်းကျောင်း၊ အ.ထ.က(၂)၊ NNPS ကိုယ်ပိုင်မူလ တန်းကျောင်းနှင့် စမ်းချောင်းမြို့နယ်ရှိ အ.ထ.က(၂) တို့တွင် ကျင်းပခဲ့ပြီးဖြစ်သည်။

လှိုင်သာယာမြို့နယ်ရှိ ဇေယျာမင်းဘုန်းတော်ကြီးသင်ပညာရေး အခြေခံပညာ အထက်တန်း ကျောင်းတွင် စက်တင်ဘာလ ၁၆ ရက်နှင့် လသာမြို့နယ်ရှိ အ.ထ.က(၂)တွင် စက်တင်ဘာလ ၂ဝရက်နေ့ ဟောပြောပွဲများကို ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း၊ တစ်လ တစ်ကြိမ်နှုန်းဖြင့် လစဉ် ဟောပြောပွဲများကို ဒီဇင်ဘာလထိ ကျင်းပသွားမည်ဖြစ်ကြောင်း အဆိုပါ ဟောပြောပွဲမှ သိရှိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required