ဖိလစ်ပိုင်ရှိ ညစျေးတစ်ခု၌ ပေါက်ကွဲမှုဖြစ်ပွားပြီး ၁၄ ဦး သေဆုံး

ဖိလစ်ပိုင်ရှိ ညစျေးတစ်ခု၌ ပေါက်ကွဲမှုဖြစ်ပွားပြီး ၁၄ ဦး သေဆုံး

စက်တင်ဘာ ၃ ။       ။ ဖိလစ်ပိုင် သမ္မတ ရိုဒရီဂို ဒူတာတေး မြို့တော်ဝန်အဖြစ် တာဝန်ထမ်းခဲ့ဖူးသော ဒါဗာအိုမြို့ရှိ လူစည်ကားရာ ညဈေးတစ်ခုတွင် စက်တင်ဘာ ၂ ရက် ညပိုင်းက ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး လူ ၁၄ ဦးထက်မနည်းသေဆုံးကာ လူ ၇၀ ကျော် ဒဏ်ရာရရှိသွားသည်။

ပေါက်ကွဲမှုသည် ယင်းည ၁၁ နာရီ ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ အပျက်အစီးများကြားတွင် ပြန့်ကျဲနေသော ရုပ်အလောင်းများကို မြင်မကောင်းလှအောင် မြင်တွေ့ခဲ့ရသည်။

ဒါဗာအိုမြို့မှာ သမ္မတ ဒူတာတေး သီတင်းပတ်ကုန်ရောက်တိုင်း ပုံမှန် ပြန်သွားနေလေ့ရှိသော်လည်း ယင်းအချိန်က သမ္မတမှာ ပေါက်ကွဲမှုဖြစ်သည့်နေရာနှင့် အနီးတွင် ရှိမနေပေ။ ယင်းဖြစ်စဉ်မှာ အကြမ်းဖက်မှုလုပ်ရပ်တစ်ရပ်ဖြစ်ပြီး ဆက်လက်၍ နိုင်ငံတွင် မှုခင်း၊ ရာဇဝတ်မှုများ၊ မူးယစ်ဆေးဝါးများ နှင့် အကြမ်းဖက်သောင်းကျန်းမှုများကို ယခုလက်ရှိ လုပ်ဆောင်နေသည်ထက်   နှစ်ဆတိုး   နှိမ်နင်းသွားတော့မည်ဟု သမ္မတ ဒူတာတေးက ကြုံးဝါးသွားသည်။

ယခုဖြစ်စဉ်တွင် လက်လုပ်ဗုံးတစ်လုံးဖြင့် ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်းနှင့် နိုင်ငံတွင် သမ္မတ ဒူတာတေး၏ မူးယစ်တရားခံများ သို့မဟုတ် အစ္စလမ္မစ် စစ်သွေးကြွများအပေါ်   ပြင်းပြင်းထန်ထန်   နှိမ်နင်းနေမှုများကို မနှစ်မြို့သူများက စီစဉ်လုပ်ကြံခဲ့ခြင်းဖြစ်ကြောင်း သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် မာတင် အန်ဒါနာက ပြောသည်။

" ကျွန်တော်တို့ သမ္မတကြီးနဲ့ အစိုးရအဖွဲ့တစ်ခုလုံးကို ဒေါသထွက်နေသူတွေ အများကြီးရှိနေမှာပေါ့" ဟု ၎င်းက မူးယစ်ရာဇာများနှင့်စစ်သွေးကြွများကို ရည်ညွှန်းပြောဆိုသွားသည်။

ဒါဗာအိုမြို့သည် နိုင်ငံတောင်ပိုင်းတွင် အကြီးဆုံးမြို့ဖြစ်ပြီး လူဦးရေ ၂ သန်းခန့်မှီတင်းနေထိုင်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required