စက်မှုဝန်ကြီးဌာနက အရည်အသွေးကောင်းတဲ့ လယ်ယာသုံးပစ္စည်းတွေ ရအောင်ထုတ်မယ်လို့ ဆို

စက်မှုဝန်ကြီးဌာနက အရည်အသွေးကောင်းတဲ့ လယ်ယာသုံးပစ္စည်းတွေ ရအောင်ထုတ်မယ်လို့ ဆို
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(ဩဂုတ် ၂၃၊ ၂၀၁၆ခုနှစ်)။ ။ အစိုးရသစ်အနေဖြင့် စက်မှုလုပ်ငန်းဖွံ့ဖြိုးရေးအတွက် ရေတို၊ ရေရှည်စီမံကိန်းများရေးဆွဲထားပြီး အဆိုပါ စီမီကိန်းများအနက် စိုက်ပျိုးရေးကဏ္ဍအတွက် အရည်အသွေးကောင်းပြီး ဈေးနှုန်သက်သာသည့် လယ်ယာသုံးပစ္စည်းများ ရအောင်ထုတ်လုပ်မည်ဟု စက်မှုဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်ဖြစ်သူ ဦးကိုကိုလွင်က ပြောကြားလိုက်သည်။

"နိုင်ငံရဲ့ စိုက်ပျိုးရေးကဏ္ဍမှာ အထောက်အကူပြုမယ့် လယ်ယာသုံးပစ္စည်းတွေကို ဈေးကွက်နဲ့ ကိုက်ညီပြီးတော့ ပြည်သူလူထုအတွက်လည်း အသုံးတည့်အောင်၊ ကွာလတီလည်းကောင်းအောင်၊ သက်သက်သာသာနဲ့လည်း ရအောင် ကျွန်တော်တို့လုပ်မယ်" ဟု ဦးကိုကိုလွင်က ပြောသည်။

၂၀၁၆ခုနှစ်၊ ဩဂုတ်လ ၂၃ရက်က နေပြည်တော်၊ ပြန်ကြားရေးဝန်ကြီးဌာနတွင်ပြုလုပ်သည့် အစိုးရသစ် ရက်(၁၀၀)စီမံချက် သတင်းစာရှင်းလင်းပွဲတွင် စက်မှုလုပ်ငန်းဖွံ့ဖြိုးရေးအတွက် အစီအမံများနှင့်ပတ်သက်၍ မဇ္ဈိမ၏ မေးမြန်းမှုအပေါ် ဦးကိုကိုလွင်က ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

"အခုအစိုးရ (၅)နှစ်အတွင်းမှာကို ကျွန်တော်တို့ လုပ်နိုင်တာရှိတယ်။ ဒါတွေကို ကျွန်တော်တို့ ပြတ်ပြတ်သားသား ချမှတ်ထားပြီးပါပြီ" ဟု ၎င်းက ဆိုသည်။

လက်ရှိအနေအထားတွင် တောင်သူလယ်သမားများအများစုက ပြည်ပနိုင်ငံများဖြစ်သည့် တရုတ်၊ ကိုရီးယား၊ ဂျပန် စသည့်နိုင်ငံများမှာ ထုတ်လုပ်သည့် လယ်ယာသုံးပစ္စည်းများကို ဝယ်ယူသုံးစွဲနေကြရသည်။

စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကိုလည်း အစိုးရအနေဖြင့် စီမံကိန်းများ ရေးဆွဲထားပြီးဖြစ်သလို ဝန်ကြီးဌာန၏ ဖွဲ့စည်းပုံကိုလည်း ပြင်ဆင်ရေးဆွဲလျက်ရှိနေသည်ဟု ဦးကိုကိုလွင်က ဆက်လက် ပြောဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required