နိုင်ငံတော် အသရေဖျက်မှုနှင့် ရခိုင်လက်နက်ကိုင်အဖွဲ့မှ အဆင့်မြင့်ခေါင်းဆောင်တစ်ဦး ဖမ်းဆီးခံရ

နိုင်ငံတော် အသရေဖျက်မှုနှင့် ရခိုင်လက်နက်ကိုင်အဖွဲ့မှ အဆင့်မြင့်ခေါင်းဆောင်တစ်ဦး ဖမ်းဆီးခံရ
၂၀၁၄ ခုနှစ်က ကျင်းပခဲ့သော ရခိုင်အမျိုးသားညီလာခံကို တက်ရောက်လာသည့် ALP/ALA တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ - CJ)

စစ်တွေ၊ ဇူလိုင် ၂၅ ရက် ။              ။ နိုင်ငံတော်ကို အသရေဖျက်မှု၊ မမှန်မကန် စွပ်စွဲပြောကြားခဲ့သည်ဟု စွပ်စွဲချက်တို့ဖြင့် အပစ်ရပ်စဲထားသည့် ရခိုင်လက်နက်ကိုင်တပ်ဖွဲ့မှ အဆင်မြင့်ခေါင်းဆောင်တစ်ဦးကို ဇူလိုင် ၂၅ ရက်နေ့က ဖမ်းဆီးခဲ့သည်။

ဖမ်းဆီးခံရသူမှာ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP/ALA) ပြန်ကြားရေးဌာန ဒုဥက္ကဌ ဦးခိုင်မျိုးထွန်း ဖြစ်ပြီး ၎င်းကို မေလ ၆ ရက်က ရခိုင်ပြည်နယ် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်မှ စစ်ဦးစီးမှူး (ပထမတန်း) ဒုတိယဗိုလ်မှူးကြီး တင်နိုင်ထွန်းက တရားလို ပြုလုပ်ကာ စစ်တွေမြို့နယ် တရားရုံးတွင် ဦးတိုက်လျှောက်ထားခဲ့ခြင်း ဖြစ်သည်။

"ဦးခိုင်မျိုးထွန်းကို ကြေညာချက်ထုတ်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး တရားစွဲထားတာ ဟုတ်ပါတယ်။" ဟု ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့၊ ဒုတိယရဲမှူးကြီး ဦးသစ်ဆန်းက ပြောသည်။

ဦးခိုင်မျိုးထွန်းကို တရားရုံးမှ စစ်ဆေးရန် အကြိမ်ကြိမ် ဆင့်ခေါ်ခဲ့သော်လည်း လာရောက်ရန် ပျက်ကွက်ခဲ့သဖြင့် ဖမ်းဝရမ်းထုတ်ပြီး ၂၅ရက် နေ့လည် ၃ နာရီအချိန်ခန့်တွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု စစ်တွေမြို့မ အမှတ် (၁) ရဲစခန်းက အတည်ပြုပြောကြားသည်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP/ALA သည် ဧပြီ ၂၄ ရက်က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး “မြန်မာ့တပ်မတော်မှ ရခိုင်ပြည်တွင်းစစ်အတွင်း ဒေသခံများကို အတင်းဓမ္မစေခိုင်းမှု၊ ညှင်းပန်းနှိပ်စက်မှုများ ပြုလုပ်ခဲ့ကြောင်း" ဖော်ပြခဲ့သည်။

ဦးခိုင်မျိုးထွန်း ဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ ရခိုင်ပြည်လွတ်မြောက်ရေးပါတီသို့ ဆက်သွယ်မေးမြန်းရာတွင် " ကျွန်တော်တို့ ဘာမှ မသိရသေးပါဘူး။ ခုက ကျွန်တော်တို့က မိုင်ဂျာယန်ညီလာခံကို ရောက်နေလို့ပါ။" ဟု ALP မှ ဗိုလ်မှူး ခိုင်ရဲလင်းက ဖြေကြားခဲ့သည်။

ဦးခိုင်မျိုးထွန်း အဖမ်းမခံရမီ မေလ ၉ ရက်နေ့တွင် ဆက်သွယ်မေးမြန်းခဲ့စဉ်က "ကျွန်တော်တို့ဆီမှာ သက်သေတွေ အခိုင်အမာရှိပါတယ်။ အစိုးရအဖွဲ့နဲ့ အမြန်ဆုံးတွေ့ပြီး ဒါကို ဖြေရှင်းဖို့ ကြိုးစားသွားမှာပါ။ ဒါကို လက်မခံဘဲ သူတို့က ကျွန်တော်တို့ပေးတဲ့ သက်သေအထောက်အထားတွေကို လက်မခံဘဲ ဖမ်းဆီးမယ်၊ တရားစွဲမှုတွေ ထပ်ပြုလုပ်လာမယ်ဆိုရင် ကျွန်တော်တို့ဘက်က အပစ်ရပ်စာချူပ်ကို စတင်ဖျက်သိမ်းဖို့ ဝန်မလေးပါဘူး " ဟု ဒုဥက္ကဌ ခိုင်မျိုးထွန်းက ပြောကြားခဲ့သည်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီကို ၁၉၆၇ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး နှစ်ပေါင်း ၄၈ နှစ်အကြာ ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချူပ်တွင် ကရင်အမျိုးသားအစည်းအရုံး KNU၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA၊ ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသား တပ်မတော် DKBA၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ PNLO၊ ချင်းအမျိုးသားတပ်ဦး CNF၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF နဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA စသည့် တိုင်းရင်းသား လက်နက်ကိုင် အဖဲ့ွ ၈ ဖွဲ့တို့နှင့်အတူ ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်က နေပြည်တော်တွင် အစိုးရနှင့် အပစ်ခတ်ရပ်စဲရေး စာချုပ်ကို ချုပ်ဆိုနိုင်ခဲ့သည့် ရခိုင်လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required