အလုပ်အကိုင်အခွင့်အလမ်းအတွက် ကျွမ်းကျင်မှုဆိုင်ရာ စိန်ခေါ်မှုများ ကြံုလာနိုင်ဟု ဒုသမ္မတ ဦးမြင့်ဆွေပြော

အလုပ်အကိုင်အခွင့်အလမ်းအတွက် ကျွမ်းကျင်မှုဆိုင်ရာ စိန်ခေါ်မှုများ ကြံုလာနိုင်ဟု ဒုသမ္မတ ဦးမြင့်ဆွေပြော

နေပြည်တော်၊ မေ ၂၇ ။                ။ နိုင်ငံဖွံ့ဖြိုးမှု နှင့်အတူ အခွင့်အလမ်းများ ပေါ်ပေါက်လာနိုင်သကဲ့သို့ အလုပ်အကိုင်အခွင့် အလမ်းအတွက် ကျွမ်းကျင်မှုနှင့်ပက်သက်၍ စိန်ခေါ်မှုများလည်း ကြုံတွေ့လာနိုင်ကြောင်း ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောသည်။

"မိမိတို့လက်ရှိအခွင့်အရေးများကို လက်လွတ်ဆုံးရှုံးရသည့်အနေအထား နှင့် အလုပ်အကိုင်အခွင့်အလမ်းအတွက် ကျွမ်းကျင်မှုနှင့်ပက်သက်၍ စိန်ခေါ်မှုများကြုံတွေ့လာနိုင်ပါတယ် " ဟု ဒုတိယသမ္မတ ဦးမြင့်ဆွေက မေ ၂၇ရက်က အမျိုးသားအဆင့်လုပ်သားထုဆိုင်ရာ ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲတွင် ပြောသည်။

မြန်မာနိုင်ငံတွင် ပြောင်းလဲလာသော စီးပွားရေးဈေးကွက် နှင့် အညီ ပြည်တွင်းပြည်ပ ရင်းနှီးမြုပ်နှံမှုလုပ်ငန်းများ တိုးတက်လာရာတွင် အလုပ်ဌာန/ စက်ရုံများတွင် ကျွမ်းကျင် လုပ်သားများနှင့် အင်ဂျင်နီယာများ အချိုးကျကျ ဖွံဖြိုး တိုးတက်ရန် လိုအပ်နေသည်ကို အထူးသတိပြုရန်လိုသည်ဟု ၎င်းကပြောသည်။

"ဝင်ရောက်လာမည့် ရင်းနှီးမြုပ်နှံမှု ကဏ္ဍများနှင့်အညီ မွေးထုတ်ပေးနိုင်မည်ဆိုပါက ကျွမ်းကျင်လုပ်သား ပြတ်လပ်မှုပြဿနာကို ဖြေရှင်းပေးနိုင်မည်ဖြစ်သော်လည်း လက်တွေ့တွင် ပြည်တွင်း လုပ်သားဈေးကွက်၌ နိုင်ငံခြားသားလုပ်သားများက အချို့နေရာတွေမှာ အစားထိုးနေရာယူလျက်ရှိပါတယ် " ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံတွင် လူဦးရေ ၅၁.၄ သန်းခန့်အနက် အလုပ်လုပ်နိုင်သော လူဦးရေမှာ ၃၂သန်းခန့်ရှိကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှသိရသည်။

မေလ ၂၇ရက်က နေပြည်တော် MICC 2တွင် ပြုလုပ်သည့် အမျိုးသားအဆင့်လုပ်သားထုဆိုင်ရာ ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲသို့ တိုင်းဒေသကြီးပြည်နယ် အစိုးရအဖွဲ့မှ အလုပ်သမားရေးရာဝန်ကြီးများ၊ မြန်မာနိုင်ငံအလုပ်အကိုင် နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး ဗဟိုအဖွဲ့ဝင်များ၊ အထူးဖိတ်ကြားထားသူများ နှင့် ပြည်တွင်းပြည်ပမှ ကျွမ်းကျင်ပညာရှင်များတက်ရောက်ဆွေးနွေးကြသည်။

မေ ၂၇၊ ၂၈ရက်များတွင် နှစ်ရက်တာကျင်းပမည့် အဆိုပွဲဆွေးနွေးပွဲမှ ဆွေးနွေးမှုများအပေါ် တာဝန်ရှိသူအဆင့်ဆင့်က သက်ဆိုင်ရာ ကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်ရန် လိုအပ်သည်ဟု ဒုတိယသမ္မတ ဦးမြင့်ဆွေကပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required