အမေရိကန်က လေ့ကျင့်ပေးထားသည့် စစ်သွေးကြွပထမအသုတ်ကို ဆီးရီးယားနိုင်ငံတွင်းသို့ စေလွှတ်မည်

အမေရိကန်က လေ့ကျင့်ပေးထားသည့် စစ်သွေးကြွပထမအသုတ်ကို ဆီးရီးယားနိုင်ငံတွင်းသို့ စေလွှတ်မည်

ဝါရှင်တန်၊ ဇူလိုင်၃ ။        ။ အိုင်အက်စ်အုပ်စုကို တိုက်ခိုက်မည့် မြေပြင်တပ်ဖွဲ့တစ်ခုအဖြစ် လာမည့်သီတင်းပတ် အနည်းငယ် အတွင်းသို့ လေ့ကျင့်ပေးထားသည့် စစ်သွေးကြွပထမဆုံးအသုတ်ကို ဆီးရီးယားနိုင်ငံတွင်းသို့စေလွှတ်ရန် အမေရိကန် ကပြင်ဆင်နေ သည်ဟု အစီရင်ခံစာတစ်ခုတွင် ဖော်ပြထားသည်။

အမေရိကန်နှင့် မဟာမိတ်တပ်ဖွဲ့ဝင်များသည် တူရကီတွင် အစွန်းမရောက်သည့် စစ်သွေးကြွများဟု ခေါ်ဆိုသည့် ပထမဆုံး အဖွဲ့အား လေ့ကျင့်ပေးမှုမှာ ပြီးဆုံးတော့မည်ဖြစ်ကြောင်း အမေရိကန်စစ်ဘက်အရာရှိတစ်ဦးက ဝါရှင်တန်ပို့စ် သတင်းစာ သို့ ပြောကြားခဲ့သည်။

၁၀၀ထက်မပိုသော ၎င်းတိုက်ခိုက်ရေးသမားများကို နွေရာသီအကုန်တွင် အိမ်နီးချင်းဆီးရီးယားနိုင်ငံတွင်းသို့ စေလွှတ် မည်ဖြစ်ကြောင်း ၎င်းအရာရှိက ပြောကြားခဲ့သည်။ လေ့ကျင့်ပေးလက်နက်တပ်ဆင်ဆိုသည့်အစီအစဉ်မှာ နှေးကွေးခဲ့ပြီး တစ်နှစ်လျင် လေ့ကျင့်ပေးထားသည့် စစ်သွေးကြွ ၅,၄၀၀မွေးထုတ်ရေးမူလရည်မှန်းချက်၏ နောက်တွင် ရှိနေခဲ့သည်။ ယင်းအစီအစဉ်အတွက် ဒေါ်လာသန်း၅၀၀သုံးရန် ၂၀၁၄က အမေရိကန်ကွန်ဂရက်က အတည်ပြုခဲ့သည်။

"ဒီအစီအစဉ်က ရေရှည်မှာ အောင်မြင်မှုရမှာပါ။ ဘာဖြစ်လို့လည်းဆိုတော့ ကျွမ်းကျင်မှုအသစ် လက်နက်အသစ်တွေနဲ့ ပိုမိုသာလွန်တဲ့ အရည်အသွေးတစ်ခုသူတို့ကို ကျွန်တော်တို့ ပေးထားလို့ပါ။ ဒါက ဒီအစီအစဉ် စိတ်ဝင်စားစရာကောင်းတာက အရေအတွက်မဟုတ်ပါဘူး။ အရည်အချင်းပါ"ဟု အဆိုပါအရာရှိက ပြောကြားခဲ့သည်။

ယခုနှစ်ကုန်တွင် စစ်သွေးကြွ ၃,၀၀၀ကို လေ့ကျင့်ပြီးရန် မျှော်လင့်ကြောင်း စစ်ဘက်အရာရှိများက လွန်ခဲ့သည့် သီတင်းပတ် ကပြောကြားခဲ့သော်လည်း လက်တွေ့တွင် ဖြစ်နိုင်ချေမရှိသေးကြောင်း သီးသန့်ဝန်ခံခဲ့သည်။

အမေရိကန်စစ်တပ်သည် ဆီးရီးယားအတွက် စစ်သွေးကြွစုဆောင်းရေးနှင့် လေ့ကျင့်ပေးရေးတို့တွင် ပြသနာများနှင့် ရင်ဆိုင်နေ ရကြောင်း ဇူလိုင်၂က သတင်းစာရှင်းလင်းပွဲတွင် ပင်တဂွန်ခေါင်းဆောင်များက ပြောကြားခဲ့သည်။ ဇွန်လလယ်က စတင်ခဲ့သော ရာမာဒန်ဥပုသ်လတွင် သင်တန်းသားဒါဇင်ပေါင်းများစွာလည်း နုတ်ထွက်ခဲ့ကြသည်ဟု အမေရိကန်ပူးတွဲစစ်ဦးချုပ်အဖွဲ့ဥက္ကဋ္ဌ မာတင်ဒဲမ်ဆေးက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required