ဆန်၊ ပဲ၊ ပြောင်း ပို့ကုန်လုပ်ငန်းရှင်များကို စက်သုံးဆီ တင်သွင်းခွင့်ပြုရန် စစ်ကောင်စီ စီစဉ်နေ

By 001 (မဇ္ဈိမ)
11 December 2023
ဆန်၊ ပဲ၊ ပြောင်း ပို့ကုန်လုပ်ငန်းရှင်များကို စက်သုံးဆီ တင်သွင်းခွင့်ပြုရန် စစ်ကောင်စီ စီစဉ်နေ
ပုံအညွှန်း - ​နေပြည်​တော်၊ မြို့မ​စျေးအနီး Denkoဆီဆိုင်တွင် စက်သုံးဆီတန်းစီ​နေသူများအား ဒီဇင်ဘာလ ၇ရက်​နေ့က ​တွေ့ရစဥ်။

ဆန်၊ ပဲ၊ ပြောင်း ပို့ကုန်လုပ်ငန်းရှင်များကို ပြည်တွင်းဈေးကွက်လိုအပ်ချက်ရှိသည့် စက်သုံးဆီကဲ့သို့ သွင်းကုန်ပစ္စည်းများ တင်သွင်းခွင့်ပြုမည့် အစီအစဉ်များ ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း ယနေ့ ဒီဇင်ဘာလ ၁၂ ရက်နေ့ထုတ် စစ်ကောင်စီ ဝါဒဖြန့် ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။

နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့ကြီးများအပါအဝင် နိုင်ငံတဝန်း စက်သုံးဆီ ရှားပါးပြတ်လပ်မှုများကြောင့် တန်းစီဝယ်ယူနေရချိန်တွင် စစ်ကောင်စီက ထိုသို့ စီစဉ်လာခြင်းဖြစ်သည်ဟု လုပ်ငန်းရှင်းအချို့ကမှတ်ချက်ပြုသည်။

စစ်ကောင်စီ လက်အောက်ခံ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနကမူ ပို့ကုန်တိုးတက်တင်ပို့နိုင်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းရှင်များကို အသိအမှတ်ပြုသည့် အနေဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဆိုထားသည်။

“ကိုယ့်ဘာသာ တင်သွင်းလို့ မရဘူး။ အရင်က ချမှတ်ပေးထားတဲ့ Rules (စည်းမျဉ်း) တွေရှိတယ်။ အခုက ဟိုလူတွေက မသွင်းနိုင်တော့လို့လား။ မကိုက်တော့လို့လား။ ဘာဖြစ်လို့လဲ မသိဘူး။ နံပါတ်(၁) အဲ့တာ။ နံပါတ်(၂)က Export (ပို့ကုန်) ပို့တဲ့ လူတွေကို များများပို့နိုင်အောင်လို့၊ Export များများ သွားနိုင်မှ နိုင်ငံတော်အတွက် ဒေါ်လာက ပြန်ဝင်မှာ ။ အဲ့ဒီတော့ သူတို့ကို Chance (အခွင့်အရေး) ပေးတဲ့အနေနဲ့ စက်သုံးဆီတင်သွင်းခွင့် ပေးမယ်ဆိုတာ အဲ့တာအများကြီးဖြစ်နိုင်တယ်”ဟု မန္တလေးမြို့မှ ပို့ကုန်လုပ်ငန်းရှင်တဦးက ပြောသည်။

သို့သော် အဆိုပါ တင်သွင်းခွင့်မှာ ရန်ကုန်မှ ကုမ္ပဏီကြီးများသာ ရရှိနိုင်မည်ဖြစ်ပြီး ၎င်းတို့အနေဖြင့် မကြားသိရသေးဟု ဆိုသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ပို့ကုန်လုပ်ငန်းများကို တင်းကျပ်ထားသည့်အတွက် ပို့ကုန်သမားများ လုပ်ငန်းလည်ပတ်၍ မရတော့သည့် အနေအထားအထိ ရောက်ရှိသွားပြီး အများစုက တရားဝင်လမ်းကြောင်းကို စိတ်ဝင်စားမှုမရှိတော့သည့်အတွက် ပို့ကုန်များ လျော့ကျသွားကြောင်း ပို့ကုန်၊ သွင်းကုန်လုပ်ငန်း အသိုင်းအဝိုင်းထံက သိရသည်။

အဆိုပါ အခြေအနေများတွင် စစ်ကောင်စီက ပို့ကုန်ရငွေကို ၎င်းတို့သတ်မှတ်ပေးထားသည့် နှုန်းထားများဖြင့် ၅၀ နှုန်းစီ လဲလှယ်ပေးရသည့် စနစ်မှ ၃၅ ရာခိုင်နှုန်းကို ဗဟိုဘဏ် သတ်မှတ်ဈေး ကျပ် ၂,၁၀၀ ဖြင့် လဲလှယ်ပေးပြီး ကျန်သည့် ၆၅ ရာခိုင်နှုန်းကို လွတ်လပ်စွာဆောင်ရွက်ရန် ယခုရက်ပိုင်းအတွင်း မူဝါဒပြောင်းလဲမှုလည်း ပြုလုပ်ခဲ့သည်။

 ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ် ဧပြီလမှ ဒီဇင်ဘာလဆန်းအထိ ပြည်ပ ပို့ကုန်၊ သွင်းကုန် ကုမ္ပဏီ ၅,၉၀၀ ကျော်က အမှန်တင်ပို့ ၊ တင်သွင်းမှုများ ပြုလုပ်ခဲ့ပြီး  ပို့ကုန် အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံ နီးပါး အထိ တင်ပို့နိုင်ပြီးဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ဒီဇင်ဘာလ ၁၀ ရက်နေ့က ထုတ်ပြန်ထားသည်။

လက်ရှိတွင် စစ်ကောင်စီက လုပ်ငန်းရှင်များကို ပို့ကုန်ရငွေများ ပေးသွင်းရန် တိုက်တွန်းမှုများ ပြုလုပ်နေပြီး ပြီးခဲ့သည့် ဒီဇင်ဘာလ ၆ ရက်နေ့ကလည်း ပို့ကုန်ရငွေ ဝင်ရောက်ရန် ကျန်ရှိသည့် ကုမ္ပဏီ ၁၆၀ နှင့် ရန်ကုန်၌တွေ့ဆုံပြီး ပို့ကုန်ဝင်ငွေများ အပြည့်အဝ ဝင်ရောက်ရေး ပြောဆိုခဲ့သေးသည်။

စာတည်း။      ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။    ။ သန့်ဇော်(သန်လျင်)
#ပို့ကုန်သွင်းကုန်
#စက်သုံးဆီ

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required