ဘင်္ဂလားဒေ့ရှ် အတိုက်အခံပုဂ္ဂိုလ် ၅ ဦး အကျဉ်းထောင်တွင်း သေဆုံး

ဘင်္ဂလားဒေ့ရှ် အတိုက်အခံပုဂ္ဂိုလ် ၅ ဦး အကျဉ်းထောင်တွင်း သေဆုံး

ဘင်္ဂလားဒေ့ရှ် အဓိကအတိုက်အခံပါတီ၏ ပါတီဝင် ငါးဦးသည် ပြီးခဲ့သည့် သီတင်းပတ်နှစ်ပတ်အတွင်း အကျဉ်းထောင်တွင်း၌ သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများနှင့် ဆွေမျိုးများက ဒီဇင်ဘာ ၁၀ ရက်တွင် ပြောသည်။ ယင်းနိုင်ငံတွင် ရှေ့လထဲ ကျင်းပရန်ရှိသည့် အထွေထွေရွေးကောက်ပွဲမတိုင်မီ လူထောင်နှင့်ချီတို့ လမ်းများပေါ် ထွက်ကာ ဆန္ဒပြမှုများ လုပ်ဆောင်ခဲ့ကြသည်။

အဓိက အတိုက်အခံပါတီဖြစ်သည့် ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးပါတီ (BNP) က ဇန်နဝါရီ ၇ ရက် ရွေးကောက်ပွဲကို သပိတ်မှောက်ထားသည့်အတွက် လက်ရှိ ဝန်ကြီးချုပ် ရှိတ်ခ် ဟာစီနာ ပြန်လည်ရွေးချယ်တင်မြှောက်ခံရရန်က ကျိန်းသေပေါက်ဟု ခန့်မှန်း၍ ရနိုင်နေသည်။

အောက်တိုဘာ ၂၈ ရက်က မြို့တော်၌ ကြီးမားသည့် အတိုက်အခံ လူထုစည်းဝေးပွဲကြီးတခုနောက်ပိုင်း “မကြုံစဖူးသော ဖြိုခွင်းနှိမ်နင်းမှု” တရပ်အတွင်း ပြီးခဲ့သည့် သီတင်းပတ်ငါးပတ်က ပါတီ၏ ခေါင်းဆောင်အားလုံးနှင့် နိုင်ငံရေးသမား ၂၀,၀၀၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံရကြောင်း BNP ပါတီက ပြောသည်။

BNP ပါတီ၏ ဖမ်းဆီးခံပုဂ္ဂိုလ် အရေအတွက်ကို ရဲတပ်ဖွဲ့က ပြောဆိုရန် ပယ်ချထားသလို အတိုက်အခံ တက်ကြွလှုပ်ရှားသူဦးရေမည်မျှ ထိန်းသိမ်းခံထားရသည် ဆိုသည်ကိုလည်း ထုတ်ဖော်ခြင်း မရှိပေ။

ဖမ်းဆီးခံထားရသူများ၏ မိသားစုဝင်များအပါအဝင် BNP ပါတီထောက်ခံသူ ထောင်ချီသည် ဒီဇင်ဘာ ၁၀ ရက်က မြို့တော် ဒါကာတွင် စုဝေးပြီး တက်ကြွလှုပ်ရှားသူများ ပြန်လည်လွတ်မြောက်ရေး တောင်းဆိုကြသည်။

အောက်တိုဘာ ၂၈ ရက် လူစုဝေးပွဲနောက်ပိုင်း အတိုက်အခံပါတီ ထောက်ခံသူ ၁၀,၀၀၀ ထက်မနည်း ဖမ်းဆီးခံခဲ့ရကြောင်း နယူးယော့ခ် အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ HRW က ပြီးခဲ့သည့်လတွင် ပြောသည်။

လူထုစည်းဝေးပွဲနောက်ပိုင်း ပေါ်ပေါက်သည့် အကြမ်းဖက်မှုတို့အတွင်း ရဲတဦးနှင့် အရပ်သားငါးဦး သေဆုံးပြီး ဘတ်စ်ကားအစီး ၃၀၀ နီးပါး မီးရှိုခံခဲ့ရကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

သို့သော် BNP နှင့် ပြီးခဲ့သည့်လက အပိတ်ခံရသည့် အကြီးဆုံး အစ္စလမ္မစ်ပါတီ ဂျမတ်-အီ-အစ္စလမ္မီတို့က လူ ၂၀ ထက်မနည်း သေဆုံးကြောင်း ပြောသည်။

ပြီးခဲ့သည့် နှစ်ပတ်အတွင်း တက်ကြွလှုပ်ရှားသူများအနက် လူငါးဦး အကျဉ်းထောင်၌ ထိန်းသိမ်းခံရစဉ်အတွင်း သေဆုံးကြောင်း BNP ပါတီ၏ ဥပဒေရေးရာအကြီးအကဲ ကေးဆာ ကာမဲလ်က အေအက်ဖ်ပီကို ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required