ဂြိုဟ်တုအင်တာနက် တရားမဝင် အသုံးပြုမှုကို အရေးယူမယ်လို့ စစ်ကောင်စီကြေညာ

ဂြိုဟ်တုအင်တာနက် တရားမဝင် အသုံးပြုမှုကို အရေးယူမယ်လို့ စစ်ကောင်စီကြေညာ

တရားမဝင်ဂြိုလ်တုဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းတွေလုပ်ကိုင်ပါက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ အရ အရေးယူသွားမယ်လို့ စစ်ကောင်ဆီကကြေညာလိုက်ပါတယ်။

ဂြိုဟ်တုဆက်သွယ်ရေးပစ္စည်းတွေနဲ့ တရားမဝင် ဂြိုဟ်တုဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်း တွေကို လိုင်စင်မရှိဘဲ ဝန်ဆောင်မှုပေးတာ၊ တပ်ဆင်အသုံးပြုတာ၊ လက်ဝယ်ထားရှိတာ၊ အသုံးပြု တာတွေ မလုပ်ဖို့နဲ့ တားမြစ်ထားတာကို ဖောက်ဖျက်ပါက ဆက်သွယ်ရေးဥပဒေနဲ့အညီ အရေးယူ သွားမယ်လို့ စစ်ကောင်စီလက်အောက်ခံ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂၂ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ ဂြိုဟ်တုအင်တာနက် ဝန်ဆောင်မှုတွေကို တရားမဝင်ဆောင်ရွက်နေပြီး သုံးစွဲသူများအနေနဲ့လည်း တရားမဝင်ရယူသုံးစွဲလျက်ရှိကြောင်း သတင်းအချက်အလက်များအရ တွေ့ရှိနေရတယ်လို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ပြောကြားလာပါတယ်။

ဆက်သွယ်ရေးဥပဒေပုဒ်မ ၅ နဲ့ လှိုင်းနှုန်းစဉ်ဆိုင်ရာ နည်းဥပဒေ ၅၂ (ဂ) တို့မှာ ပြည်တွင်းပြည်ပမှာ ပုဂ္ဂိုလ်၊ ဌာနနဲ့ အဖွဲ့အစည်းတွေဟာ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းတခုခုကို တည်ထောင် လုပ်ကိုင်လိုတဲ့အခါနဲ့ နိုင်ငံတကာဂြိုဟ်တု အော်ပရေတာတွေဟာ အမှန်တကယ်သုံးစွဲသူတွေကို ဂြိုဟ်တုဆက်သွယ်ရေးဝန်ဆောင်မှုပေးဖို့ လုပ်ငန်းလိုင်စင်လျှောက် ထားရမယ်လို့ ဆိုပါတယ်။

ဆက်သွယ်ရေးဥပဒေပုဒ်မ ၁၃ နဲ့ လိုင်စင်ထုတ်ပေးခြင်းဆိုင်ရာ နည်းဥပဒေ ၃၃ (က) တို့အရ ဂြိုဟ်တုဆက်သွယ်ရေး ပစ္စည်းတွေ (ဥပမာ - ဂြိုဟ်တုဖုန်း၊ ရေဒါဆက်သွယ်ရေးပစ္စည်းတွေနဲ့ စပ်ဆက်ကိရိယာတွေ၊ ရေဒီယိုဆက်သွယ်ရေးပစ္စည်းတွေ (MF၊ HF၊ VHF၊ UHF လှိုင်းနှုန်းများ) လက်ဝယ်ထားရှိဖို့နဲ့ အသုံးပြုဖို့အတွက လိုင်စင်ရယူရမယ်လို့ ဖော်ပြထားပါတယ်။

ဒါ့ကြောင့် ဂြိုဟ်တုဆက်သွယ်ရေးပစ္စည်းများနှင့် တရားမဝင် ဂြိုဟ်တုဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းများကို လိုင်စင်ရယူထားခြင်းမရှိဘဲ ဝန်ဆောင်မှုပေးခြင်း၊ တပ်ဆင်အသုံးပြုခြင်း၊ လက်ဝယ်ထားရှိခြင်း၊ အသုံးပြုခြင်းများ မပြုလုပ်ဖို့ တားမြစ်ထားကြောင်း သိရပါတယ်။

အဆိုပါ တားမြစ်ချက်ကို ဖောက်ဖျက်ကြောင်း စစ်ဆေးတွေ့ရှိပါက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ နှင့်အညီ တရားစွဲဆို အရေးယူသွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ဆက်သွယ်ရေးသတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်ကလည်း အင်တာနက်ဆက်သွယ်ရေးရရှိဖို့ ဆောင်ရွက်နေတယ်လို့ နိုဝင်ဘာ ၁၈ ရက်က ပြုလုပ်ခဲ့တဲ့ အွန်လိုင်းသတင်းစာရှင်းလင်းပွဲမှာ ထည့်သွင်းပြောဆိုထားပါတယ်။

စစ်ကောင်စီ အာဏာသိမ်းခဲ့တဲ့ ကာလမှစတင်ကာ တော်လှန်ရေး အားကောင်းတဲ့ ဒေသတွေမှာ အင်တာနက်ဖြတ်တောက်မှုတွေ ပြုလုပ်ခဲ့တဲ့အတွက် ဆက်သွယ်ရေး သတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီးဌာန (MOCIT) အနေနဲ့ အင်တာနက်ဆက်သွယ်‌ရေး ဖြတ်တောက်လျှော့ချခံထားရတဲ့ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကရင်နီပြည်နယ်တို့မှ မြို့နယ်ပေါင်း ၅၂ မြို့နယ်မှာ NUG က ထိန်းချုပ်ထားတဲ့ အင်တာနက်ဆက်သွယ်ရေးကွန်ရက်ကို တပ်ဆင်ထားပြီဖြစ်ကြောင်း သိရပါတယ်။

ကယားပြည်နယ် လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ မယ်စဲ့နဲ့ လွိုင်လင်လေး စတဲ့ ဒေသတွေမှာ စစ်ကောင်စီက ဖုန်းလိုင်းရော အင်တာနက်ပါ ဖြတ်တောက်ထား တာကြောင့် ဆက်သွယ်ရေးအခက်အခဲနဲ့ ကြုံနေကြရတာဖြစ်ပါတယ်။

ဒါကြောင့် အဲဒီဒေသမှာ Starlink အင်တာနက်ကဖေးကို ဖွင့်လှစ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Starlink ဟာ ဘီလီယံနာသူဌေး အီလွန်မက်စ်ရဲ့ SpaceX ကုမ္ပဏီက ပိုင်ဆိုင်တဲ့ ဂြိုဟ်တုအင်တာနက်ဖြစ်ပြီးတော့ ကယားပြည်နယ်မှာ ပြီးခဲ့တဲ့ ဇွန်လလောက်က စတင်အသုံးပြုလို့ရနေတာလို့လည်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required