ညမထွက်ရအမိန့် ထုတ်ပြန်ထားသော လားရှိုးမြို့တွင် အမျိုးသား ၁ ဦး ပစ်သတ်ခံရ

By 007 (မဇ္စျိမ)
20 November 2023
ညမထွက်ရအမိန့် ထုတ်ပြန်ထားသော လားရှိုးမြို့တွင် အမျိုးသား ၁ ဦး ပစ်သတ်ခံရ
ဓာတ်ပုံ- လားရှိုးမြို့မြင်ကွင်း

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် အလုပ်မှ နေအိမ်သို့ ပြန်လာသည့် အမျိုးသားတဦးသည် လမ်းခုလတ်တွင် စစ်ကောင်စီတပ်ဖွဲ့၏ လိုက်လံပစ်ခတ်မှုကြောင့် ကျည်ဆန်ထိမှန် သေဆုံးသွားကြောင်း ဒေသခံများက မဇ္ဈိမကို ပြောသည်။

အသက် (၅၀) အရွယ်ရှိ အဆိုပါ အမျိုးသားသည် နိုဝင်ဘာလ ၁၈ ရက်နေ့၊ ည ၆ နာရီကျော်အချိန်တွင် ပစ်သတ်ခံလိုက်ရခြင်းဖြစ်သည်။

၎င်းသည် အလုပ်မှပြန်လာစဉ် နေအိမ်ခြံ၀င်းရှေ့အရောက်တွင် အနောက်ကလိုက်လာသည့် စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“အိမ်ပြန်နောက်ကျလို့ ခပ်သုတ်သုတ်ပြန်လာတာ၊ ခြံရှေ့တောင်ရောက်နေပြီဗျ၊ အနောက်ကနေ လိုက်ပစ်တာ၊ ခြံရှေ့မှာတင် အသက်ထွက်တာပဲ” ဟု အမည်မဖော်လိုသော ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။

ပစ်သတ်ခံရသူသည် လားရှိုးမြို့ ရပ်ကွက် (၁)၊ ဗျူဟာလမ်းတွင်နေထိုင်သည့် “၀” တိုင်းရင်းသား အိုက်မွန်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

အလောင်းကို စစ်ကောင်စီတပ်ဖွဲ့က ယူသွားပြီး နောက်တရက်တွင်မှ ပြန်ပေးကြောင်းနှင့် ၎င်း၏နာရေးကိစ္စ နောက်ဆက်တွဲအခြေအနေကို မသိရသေးကြောင်း နောက်ထပ်ဒေသခံတဦးကလည်း မဇ္ဈိမကို ပြောသည်။

“ဘာမှမေးတာ စမ်းတာ မရှိဘဲ ပစ်သတ်သွားတာ၊ အလောင်းကိုပါ သူတို့ (စစ်ကောင်စီ)က ယူသွားတာ” ဟု ဒေသခံက ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ညီနောင်မဟာမိတ်သုံးဖွဲ့က ၁၀၂၇ စစ်ဆင်ရေးဗျူဟာကြောင့် မြို့သိမ်း၊ စခန်းသိမ်းခံနေရသည့် စစ်ကောင်စီသည် နို၀င်ဘာလ ၁၂ ရက်နေ့မှစ၍ လားရှိုး၊ ကွတ်ခိုင်၊ ကွမ်းလုံ၊ မူဆယ်၊ နမ့်ခမ်း၊ သိန္နီ၊ လောက်ကိုင်၊ ကုန်းကြမ်းစသည့် မြို့ရှစ်မြို့ကို စစ်အုပ်ချုပ်ရေး ကြေညာလိုက် သည်။

အဆိုပါမြို့များတွင် ညနေ ၆ နာရီမှ နံနက် ၆ နာရီအတွင်း အပြင်ထွက် သွားလာခွင့်မပြုသည့် ညမထွက်ရအမိန့်ကိုလည်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ 

စာတည်း။    ။ နောင်နောင်

#လားရှိုး
#အရပ်သားတဦးပစ်သတ်ခံရ
#ရှမ်းမြောက်
#Mizzima

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required