ကျိုက်မရောမြို့နယ်က ရဲစခန်းအပါအဝင်နေရာ ၂ခုကို ကာကွယ်ရေးတပ်ဖွဲ့သိမ်းယူ

By YT (မဇ္ဈိမ)
13 November 2023
ကျိုက်မရောမြို့နယ်က ရဲစခန်းအပါအဝင်နေရာ ၂ခုကို ကာကွယ်ရေးတပ်ဖွဲ့သိမ်းယူ
ပုံအညွှန်း- ဖမ်းဆီးရမိခဲ့သည့် စစ်သုံ့ပန်းအချို့နှင့် စစ်ကောင်စီတပ်ပိုင် သေနတ်တလက် (ဓါတ်ပုံ- ပေးပို့)

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာရှိ ချောင်းနှစ်ခွတံတား (အတ္ထရံ)နှင့် ချောင်းနှစ်ခွ ရဲစခန်းအား ယနေ့ နိုဝင်ဘာလ ၁၃ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း စစ်ရေးသတင်းရင်းမြစ်များထံက သတင်းရရှိသည်။

"လေးရက်ရှိပါပြီ။  ၁၀ ရက်နေ့ကတည်းက တိုက်တယ်။ ဒရုန်းကနေရော မြေပြင်ကနေရော။ စစ်ကူလာတဲ့ စစ်ကြောင်းကလည်း တောင်ကလေးမှာ ဖြတ်တိုက်ခံလိုက်ရတယ်။ ဒီနေ့တော့ တံတားရော ရဲစခန်းတခုလုံးကိုရော ထိန်းချုပ်ထားလိုက်ပြီ။ စစ်သုံ့ပန်းစုစုပေါင်း၂၆ ယောက် မိထားတယ်" ဟု ကာကွယ်ရေးတပ်ဖွဲ့၏ မြေပြင်စစ်ရေးအရာရှိက မဇ္ဈိမကိုပြောသည်။ 

တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့များက မြေပြင်မှသာမက ဒရုန်းဖြင့်ပါ ဗုံးသီးချတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါတိုက်ပွဲသည် ယနေ့ နိုဝင်ဘာလ ၁၃ ရက်နေ့အထိ ဆက်လက်ပြင်းထန်သည်ဟု ၎င်းကပြောသည်။ 

လက်ရှိတွင် ဖမ်းဆီးရမိထားသည့် ဒဏ်ရာရစစ်သုံ့ပန်းများအား ဆေးကုသမှု အပြည့်အဝ ပြုလုပ်ပေးထားကြောင်း သိရသည်။ 

အဆိုပါ တိုက်ပွဲဖြစ်ပွားသည့် နိုဝင်ဘာလ ၁၀ ရက်နေ့မှစ၍ ယနေ့ နိုဝင်ဘာလ ၁၃ ရက်နေ့အထိ တိုက်ပွဲဖြစ်ပွားရာ ချောင်းနှစ်ခွကျေးရွာနှင့် တောင်ကလေးကျေးရွာအား စစ်ကောင်စီတပ်က နေ့စဉ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ကြောင်း သိရသည်။

လေးရက်ကြာ တိုက်ပွဲအတွင်း တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့ဘက်တွင် ထိခိုက်ဒဏ်ရာရမှု တစ်စုံတစ်ရာ မရှိသော်လည်း စစ်ကောင်စီဘက်တွင် ထိခိုက်သေဆုံးမှုများကြောင်း စာရင်းအတိအကျအား အတည်ပြုနေဆဲဖြစ်သည်ဟု  ကာကွယ်ရေးတပ်ဖွဲ့ဝင်ကပြောသည်။

အဆိုပါ တိုက်ပွဲအတွင်း တောင်ကလေးစစ် ကောင်စီရဲစခန်းမှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် လက်နက်ကြီးကျည် ထိမှန်၍ အသက်ခုနှစ်နှစ်အရွယ်နှင့် ရှစ်နှစ်အရွယ်ရှိ မိန်းကလေးနှစ်ဦး သေဆုံးခဲ့ပြီး အရပ်သားသုံးဦး ဒဏ်ရာရမှုရှိကာ နေအိမ်ပျက်စီးမှုများလည်းရှိကြောင်း သိရသည်။

စာတည်း။         ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#မွန်ပြည်နယ်
#ကျိုက်မရောမြို့နယ်
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required