နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၉ နိုဝင်ဘာ၂၀၂၃)

By မဇ္ဈိမ 
09 November 2023
နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၉ နိုဝင်ဘာ၂၀၂၃)

အမျိုးသားညီညွတ်ရေးအစိုးရ
•    ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် တိုင်းရင်းသားမဟာမိတ်အဖွဲ့များ မှ ကိုယ်စားလှယ်များ သည် လစ်သူရေးနီးယားနိုင်ငံ လွှတ်တော်သို့ နိုဝင်ဘာ ၈ ရက်နေ့က သွားရောက်၍ လစ်သူရေး နီးယား နိုင်ငံ လွှတ်တော် အမတ်များနှင့် တွေ့ဆုံခဲ့ကြောင်း ထုတ်ပြန်သည်။
•    အမျိုးသားညီညွတ်ရေးအစိုးရ ၊ ပြည်ထောင်စုအစိုးရအဖွဲ့ ၊ ပြည်နယ်/ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ရေးကော်မရှင် (FSCC) နှင့် စစ်ကိုင်းတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ တို့အကြား တွေ့ဆုံဆွေးနွေးမှုကို နိုဝင်ဘာ ၇ ရက် ညနေ ၄ နာရီမှာ ပြုလုပ်ခဲ့ကြသည်။
•    အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်းတို့မှာရှိတဲ့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲအစည်းအဝေး ကို နိုဝင်ဘာ ၈ ရက် မွန်းလွဲ ၁ နာရီမှာ ပြုလုပ်ခဲ့ကြသည်။
•    ကလေးမြို့၊မြောက်စည်းရဲစခန်းအား တိုက်ခိုက်သိမ်းပိုက်စဉ် ရရှိခဲ့သော လက်နက်မျိုးစုံ အလက် ၂၀ ခန့်နှင့်ခဲယမ်းများသိမ်းပိုက်ရရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ကာ ကွယ်ရေးဝန်ကြီး ဌာနက ယ‌နေ့ (နိုဝင်ဘာလ ၉ရက်) ထုတ်ပြန်သည်။
•    နိုင်ငံတဝန်း စစ်ဆင်ရေးများ တစ်ခုနှင့်တစ်ခု ဆက်စပ်နေသည်ဟု ပြောရမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောကြားသည်။
•    ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် PDF ပူးပေါင်းတပ်များကြား စစ်တင်ဘာနှင့် အောက်တိုဘာ နှစ်လတွင် ထိတွေ့တိုက်ပွဲပေါင်း ၂၄ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ စစ် ကြောင်း မှူး နှစ်ဦးအပါ အဝင် ၁၂၀ကျော်သေဆုံးကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ ပုဝါနီစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
တော်လှန်ရေး လှုပ်ရှားမှုများ
•    မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်မှ စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်သို့သွားသော လမ်းပိုင်းအား ဖြတ်သန်းသွားလာခြင်းမပြုရန် သပိတ်ကျင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)က ထုတ်ပြန်သည်။
•    မကွေးတိုင်း ရေစကြိုမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပ.က.ဖ)၏ စီစဉ်ဆောင်ရွက်ပေးမှု နှင့်အတူ ဒေသခံပြည်သူများက ညီနောင်မဟာမိတ်များ၏ ၁၀၂၇စစ်ဆင်ရေးကို ထောက်ခံကြောင်း နှင့် သိမ်းယူသည့် မြို့နာမည်များကိုင်ဆောင်၍ လှုပ်ရှားမှုကို နိုဝင်ဘာ ၈ရက် ညက ပြုလုပ်ခဲ့ကြ သည်။
•    ကချင်ပြည်နယ် ပန်ဝါမြို့ရှိ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်စခန်းတွင် မီးလောင်ပြီး လက်နက်ခဲယမ်းများ ပေါက်ကွဲမှုဖြစ်ခဲ့ကြောင်း ဒေသသတင်းရင်းမြစ်များက ရုပ်သံမှတ်တမ်းများ နှင့်အတူ ဖော်ပြသည်။
•    လာမည့် နိုဝင်ဘာ ၁၁ရက် (၁၁၁၁ လေးလုံးနေ့)တွင် တစ်နိုင်ငံလုံးရှိ ပြည်သူများ ပါဝင်နိုင်မည့် "အောင်သပြေလူထုလှုပ်ရှားမှု" ပြုလုပ်မည်ဖြစ်ကြောင်း သပိတ်အင်အားစုများက အသိပေး ထုတ်ပြန်သည်။
•    ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ မိုင်းတိမ်ရွာရှိ စစ်ဘေးရှောင်စခန်းကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေး ၁ ဦး အပါအဝင် ၂ ဦးသေဆုံးကာ ၁ ဦးခြေထောက်ပြတ် ဒဏ်ရာရရှိခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေး မဏ္ဍိုလ်မှ သိရသည်။
တိုင်းရင်းသား လက်နက်ကိုင်များ 
•    ရခိုင်တွင် အကြမ်းဖက် စစ်အုပ်က ရေလမ်းကြောင်းကို အဓိကထား စစ်ရေးလှုပ်ရှားမှုဆောင် ရွက်နေပြီး တော့ မြို့နယ်တချို့မှာ လက်နက်စမ်းသပ်၊ ခြောက်လှန့် ပစ်ခတ်မှုများ ပြုလုပ် နေကြောင်း  ညီနောင်မဟာမိတ် (၃) ဖွဲ့ က  နိုဝင်ဘာ ၈ရက် ညပိုင်းက ထုတ်ပြန်သည်။
•    ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ အုမ္မခါးကျေးရွာအနီးမှာ သံချပ်ကာယာဉ် (၃)စီးနှင့် စစ်ကူ ရောက် လာသည့် အကြမ်းဖက် စစ်တပ်ကို TNLAနှင့် မန္တလေး PDFတို့က ပစ်ခတ်တိုက်ခိုက် ခဲ့ရာ သံချပ်ကာ ၁စီးကို ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့ကြောင်း တအာင်းတပ်မတော် PSLF/TNLAက ထုတ်ပြန် သည်။
•    ရှမ်းပြည်မြောက်ပိုင်းအတွင်း အော်ပရေးရှင်း စစ်ဆင်ရေးများ အရှိန်အဟုန်မြှင့်လုပ်ဆောင်နေသည့် မြောက်ပိုင်းညီနောင် မဟာမိတ် ၃ဖွဲ့က KNDFနှင့် အတူအခြားသော တော်လှန်ရေးလက်နက် ကိုင်အဖွဲ့များနှင့် ပူးတွဲစစ်ဆင်ရေးများကို တစ်နိုင်ငံလုံးအနှံ့ မကြာမီ ဆင်နွှဲတော့မည်ဟု မြောက်ပိုင်း ၃ဖွဲ့က  ထုတ်ပြန်ကြေညာသည်။
•    ကချင်ပြည်နယ်၊ ဖားကန့်ဒေသ ဆယ်ဇင်းဘက်ရှိ စစ်တပ်စခန်း သုံးခုကို ကချင်လွတ်လပ်ရေး တပ်မတော်( KIA )က တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ ကေအိုင်အေ ရှေ့တန်းသတင်းရင်းမြစ်များ က ဆိုသည်။
•    ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်ရှိ ဂွေးကုန်းရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် နေအိမ် ၄ လုံးပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။
•    ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့လယ်ဘုရားဝင်းအတွင်းတွင် ပုန်းခို စခန်းချနေသော စစ်တပ်နှင့် ပြည်သူ့ စစ်များကို TNLA က အပြီးသတ်ရှင်းလင်းစဉ် လက်နက်များနှင့်အတူ စစ်သုံ့ပန်း ၁၄ ဦးထက်မနည်း ဖမ်းဆီးရရှိကြောင်း သိရှိရသည်။
စစ်ကောင်စီ
•    မြန်မာ၊ တရုတ်နယ်စပ် မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်နှင့် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းတို့ မှ တင်ပို့ ရန် ပို့ကုန်လိုင်စင်ခွင့်ပြုချက်ရရှိထားပြီးဖြစ်သည့် ကုန်ပစ္စည်းများကို အခြား နယ်စပ် ကုန်သွယ်ရေးစခန်း များနှင့် ပင်လယ်ရေကြောင်း ကုန်သွယ်ရေး လမ်းကြောင်းများမှ ပြောင်းလဲ တင်ပို့ခွင့်ပြုသွားမည်ဖြစ် ကြောင်း ကုန်သွယ်ရေးဦးစီးဌာနက နိုဝင်ဘာ ၈ရက်တွင် အသိပေး ကြေညာ ချက်ထုတ်ပြန်သည်။
•    စစ်ကောင်စီတပ်များအနေဖြင့် စခန်းအတွင်းမှ ခံစစ်သေဖြင့် မခုခံရန်၊ ဒရုန်းနှင့်တိုက်ခိုက်ခံရမှု ဝေးရန် ပုံဖျက်ခြင်းအပါအဝင် တန်ပြန်လုပ်ဆောင်သင့်သော စစ်နည်းဗျူဟာများကို တပ်အတွင်း ထိပ်ပိုင်း အရာရှိများကိုဖြန့်ဝေနေသည်များကို မဇ္ဈိမက ကောက်နှုတ်တင်ပြလိုက်ရပါသည်။
•    မြောက်ပိုင်းမဟာမိတ်ညီနောင်များ၏ Operation 1027 တိုက်ခိုက်မှုတွင် တရုတ်နိုင်ငံလုပ် ဒရုန်းများကို အဓိကထားအသုံးပြုသွားကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့(နိုဝင်ဘာ ၈ ရက်) နံနက်က ပြုလုပ်သော နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ အစည်းအဝေးတွင် ပြောသွားသည်။
•    ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် တိုက်ပွဲဖြစ်စဉ်များနှင့် ပတ်သက်ပြီး ပြန်လည် ထိန်းချုပ်နိုင်ပြီ ဖြစ်ကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
•    မူးယစ်ဆေးဝါးအမြစ်ပြတ် နှိမ်နင်းရေးကို ထိထိရောက်ရောက် ဆောင်ရွက်သွားရမည်ဟု အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
နိုဝင်ဘာ ၉ ရက် သုံးသပ်ချက်
•    အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရှမ်းမြောက်တိုက်ပွဲများနှင့် ပတ်သက်ပြီး ကာလုံအစည်းအဝေးတွင် အချက်အလက်အမှန်များ ပြောဆိုခြင်းမရှိဘဲ ယင်းနေရာများကို စစ်တပ်မှ ပြန်လည်ထိန်းချုပ်နိုင်ပြီဟု လိမ်လည်ပြောဆိုသွားသည်ကို တွေ့ရသည်။
•    မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များနှင့်တော်လှန်ရေးအင်အားစုများ၏ ထိုးစစ်သည် အားကောင်းနေ ဆဲဖြစ်ပြီး စစ်ကောင်စီတပ်မှ အသေများနေသလို ယနေ့ရရှိသည့် အချက်အလက်များအရ စစ်သုံ့ပန်း အဖြစ် အဖမ်းခံနေရသည့် စစ်ကောင်စီတပ်သားများစွာရှိနေသည်ကိုလည်း တွေ့ရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required