ကိုယ်ပိုင်နိုင်ငံရေးခံယူချက်အတိုင်း ဆက်လက်ဆောင်ရွက်မည်ဟု သူရဦးရွှေမန်းပြော

ကိုယ်ပိုင်နိုင်ငံရေးခံယူချက်အတိုင်း ဆက်လက်ဆောင်ရွက်မည်ဟု သူရဦးရွှေမန်းပြော
ဓာတ်ပုံ- သူရဦးရွှေမန်း facebook

ရန်ကုန်၊ ဧပြီ ၂၅ ။           ။ ပါတီအားကိုယ်စားပြုသည်ဖြစ်စေ မပြုသည်ဖြစ်စေ ပြည်သူလူထုအကျိုးအတွက် ကိုယ်ပိုင် နိုင်ငံရေးခံယူချက် အတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဟု   ပြည်ထောင်စုလွှတ်တော် နာယကဟောင်း သူရဦးရွှေမန်းက ပြော ကြား လိုက်သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပါတီဝင်အဖြစ်မှ အနားပေးခြင်းခံရသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ ဧပြီလ ၂၅ ရက်နေ့တွင် ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ်သုံးသပ်ရေး ကော်မရှင် လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ ယင်းကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ယ ခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

" ကော်မ ရှင်ဥက္ကဋ္ဌအဖြစ် တာဝန်ယူနေရ၍ မိမိ၏ နိုင်ငံရေးခံယူချက်ကို လွှတ်တော်၊ အစိုးရ၊ ပြည်သူများနှင့်အတူ နိုင်ငံ နှင့် နိုင်ငံသား အကျိုးစီးပွားအတွက် ထိထိရောက်ရောက် မှန်မှန်ကန်ကန် ဆောင်ရွက် နိုင်မည်ဟု ယုံကြည် ထားပါသည်" ဟု သူရဦးရွှေမန်းက ဆိုသည်။

သူရဦးရွှေမန်းအပါအဝင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးပါတီ ထိပ်ပိုင်းခေါင်းဆောင် ၁၇ ဦးကို ဧပြီ ၂၂ ရက် နေ့က ပါတီဝင်အဖြစ်မှ အနားပေးခဲ့ခြင်း ဖြစ်ပြီး ယင်းသို့အနားပေးခံရသည့်အထဲတွင် လက်ရှိ အစိုးရ အဖွဲ့ဝင် သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို လည်း ပါဝင်ခဲ့သည်။

ယင်းသို အနားပေးခံရခြင်းနှင့်ပတ်သက်၍ "ကျွန်တော့်အား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံံ့ဖြိုးရေးပါတီမှ ဧပြီ လ(၂၂) ရက်နေ့တွင် အနားပေးခဲ့ကြောင်း အကြောင်းကြားစာ လက်ခံရရှိခဲ့ပါသည်"ဟု သူရဦးရွှေမန်းက သူ၏ လူမှုကွန်ရက်တွင် အတည်ပြု ပြောကြားထားသည်။

 သတင်းများအရ ကြံ့ခိုင်းရေးပါတီမှ အနားပေးခံရသူများထဲတွင်  ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်အဖွဲ့ဝင်အများစု  ပါဝင်ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင် ထိပ်ပိုင်းခေါင်းဆောင်ဆိုသူအချို့၏ ပြုမူလုပ် ဆောင်မှုများသည် တည်ဆဲ၊ စည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေများနှင့် ညီညွတ်မှု ရှိ/မရှိကို ပြည်ခိုင်ဖြိုး ပါတီဝင်များ အပါအဝင် ပြည်သူများနှင့် သက်ဆိုင်ရာတာဝန်ရှိသည့်အဖွဲ့အစည်းများက သုံးသပ် ဆုံးဖြတ်ဆောင်ရွက်ပေးရန် လိုအပ်မည်ဟု ယူဆကြောင်း သူရဦးရွှေမန်းက ဆိုသည်။

 ပါတီတွင်းနှင့်သာ သက်ဆိုင်သည့် အကြောင်းအရာ တစ်ခုဖြစ်သော်လည်း နိုင်ငံတော်နှင့် နိုင်ငံသားအကျိုးစီးပွားကို တစ်နည်းမဟုတ် တစ်နည်းဖြင့် သက်ရောက်မှုတစ်စုံတစ်ရာ ရှိလာနိုင်သည်ဟု  ယူဆပါသဖြင့် ဆက်လက် တင်ပြမည့်ကိစ္စရပ်များကို နားလည်လက်ခံ ဆုံးဖြတ်ဆောင်ရွက် ပေးနိုင်ပါရန် ကြိုတင်အသိပေး ကြောင်း သူရဦးရွှေမန်းက ပြောကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required