အစ္စရေး၏ တိုက်ခိုက်မှုကြောင့် ဂါဇာ၌ သေဆုံးသူ ၁၀,၀၀၀ ကျော်အထိ ရှိလာ

အစ္စရေး၏ တိုက်ခိုက်မှုကြောင့် ဂါဇာ၌ သေဆုံးသူ ၁၀,၀၀၀ ကျော်အထိ ရှိလာ

ဂါဇာသည် ‘ကလေးများအတွက် သုသာန် တစပြင်’ တခု ဖြစ်လာနေသည်ဟု ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က နိုဝင်ဘာ ၆ ရက်တွင် ပြောကြားလိုက်ပြီး အစ္စရေး-ဟားမတ်စ်အကြား ချက်ချင်း အပစ်ရပ်စဲရေး တောင်းဆိုသည်။ အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် ဂါဇာတွင် သေဆုံးသူ ၁၀,၀၀၀ ကျော်အထိ ရှိလာကြောင်း ပါလက်စတိုင်း ကျန်းမာရေးအာဏာပိုင်တို့က ပြောသည်။

အပစ်အခတ် ရပ်စဲရေးအတွက် နိုင်ငံတကာ၏ တိုးမြင့် ဖိအားပေးမှုများအပေါ် အစ္စရေးရော၊ ဂါဇာကို ထိန်းချုပ်သည့် ဟားမတ်စ်တို့ရောကပါ ပယ်ချထားသည်။ အောက်တိုဘာ ၇ ရက်က အစ္စရေးတောင်ပိုင်းကို မွှေနှောက်တိုက်ခိုက်မှုအတွင်း ဟားမတ်စ်တို့ ဖမ်းဆီးသွားသော ဓားစာခံများကို အရင်ဦးစွာ လွှတ်ပေးသင့်သည်ဟု အစ္စရေးက ပြောသည်။ တဖက်တွင်လည်း ဂါဇာ တိုက်ခိုက်ခံနေရချိန်တွင် မိမိတို့အနေဖြင့် ဓားစာခံများကို လွှတ်ပေးမည် မဟုတ်သလို တိုက်ခိုက်မှုကို ရပ်တန့်မည်လည်း မဟုတ်ကြောင်း ဟားမတ်စ်တို့က ပြောသည်။

“အစ္စရေး စစ်တပ်ရဲ့ မြေပြင် စစ်ဆင်ရေးတွေနဲ့ ဆက်လက်လုပ်ဆောင်နေတဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေက အရပ်သားတွေ၊ ဆေးရုံတွေ၊ ဒုက္ခသည်စခန်းတွေ၊ ဗလီတွေ၊ ခရစ်ယာန် ဘုရားကျောင်းတွေအပြင် အကာအကွယ်ခိုလှုံရာနေရာတွေအပါအဝင် ကုလအဆောက်အအုံတွေကို ထိမှန်နေတယ်။ ဘယ်သူမှ မလုံခြုံဘူး” ဟု ဂူတာရက်စ်က သတင်းထောက်များကို ပြောသည်။

“တချိန်တည်းမှာပဲ ဟားမတ်စ်နဲ့ အခြားသူတွေက အရပ်သားတွေကို လူသားဒိုင်းတွေအဖြစ် အသုံးပြုနေသလို အစ္စရေးဘက်ကို ရော့ကတ်တွေ လက်လွတ်ဇပယ် ဆက်လက် ပစ်ခတ်နေတယ်” ဟု ၎င်းက ပြောသည်။ ဓားစာခံအားလုံးကို ခြွင်းချက်မရှိ၊ ချက်ချင်းလွှတ်ပေးရေး ၎င်းက တောင်းဆိုသည်။

အောက်တိုဘာ ၂၇ ရက်က ဂါဇာတွင် မြေပြင် စစ်ဆင်ရေးများကို စတင်ချဲ့ထွင်လုပ်ဆောင်ပြီးနောက် စစ်သား ၃၁ ဦး သေဆုံးကြောင်းနှင့် ဟားမတ်စ်တို့သည် အရပ်သားများနှင့်အတူအပြင် ဆေးရုံများ၌ ပုန်းအောင်းနေကြောင်း အစ္စရေးက ပြောသည်။ ဟားမတ်စ်တို့ ဆေးရုံများ၌ အခြေပြုသည် ဆိုသည့် ထင်မြင်ယူဆချက်က လုပ်ကြံ ဇာတ်လမ်းတခုဖြစ်ပြီး ကုလအနေဖြင့် အတည်ပြုစစ်ဆေးသင့်သည်ဟု ဟားမတ်စ်တို့က ပြောသည်။

အစ္စရေး၏ လေကြောင်း၊ မြေပြင်နှင့် ပင်လယ်မှ ညတွင်းချင်း ဗုံးကြဲမှုက အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုဖြစ်စဉ်နောက်ပိုင်း အပြင်းထန်ဆုံး တခုဖြစ်ကြောင်း ဂါဇာရှိ ရိုက်တာ ဂျာနယ်လစ်တဦးက ပြောသည်။ အောက်တိုဘာ ၇ ရက် တိုက်ခိုက်ခံရမှုတွင် ဟားမတ်စ်တို့ကြောင့် အစ္စရေးတွင် လူ ၁,၄၀၀ ခန့် သေဆုံးပြီး လူ ၂၄၀ ကျော် ဓားစာခံဖမ်းဆီးခံခဲ့ရသည်။

ယင်းနောက်ပိုင်းမှစ၍ ဂါဇာတွင် ကလေးငယ် ၄,၁၀၄ ဦး အပါအဝင် လူပေါင်း ၁၀,၀၂၂ ဦးထက်မနည်း သေဆုံးခဲ့ရပြီဖြစ်ကြောင်း ဟားမတ်စ် ထိန်းချုပ်သည့် ဂါဇာရှိ ကျန်းမာရေးဝန်ကြီးဌာနက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required