မြန်မာအခြေပြု အွန်လိုင်းငွေလိမ်ဂိုဏ်းများလက်မှ ဖိလစ်ပိုင်နိုင်ငံသားများကို ထပ်မံကယ်တင်

By Inquirer.net
29 October 2023
မြန်မာအခြေပြု အွန်လိုင်းငွေလိမ်ဂိုဏ်းများလက်မှ ဖိလစ်ပိုင်နိုင်ငံသားများကို ထပ်မံကယ်တင်
မြန်မာနိုင်ငံတွင် လူကုန်ကူးမှု တိုက်ဖျက်ရေး အဖွဲ့တစ်ခုမှ မလေးရှားနိုင်ငံသား ခြောက်ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်က ကွာလာလမ်ပူမြို့၌ တွေ့ရစဉ် ဓာတ်ပုံ- AFP (ပုံဟောင်း)

မြန်မာအခြေစိုက် အွန်လိုင်းငွေလိမ်ဂိုဏ်းများထံ လူကုန်ကူးခံရသည့် ဖိလစ်ပိုင်နိုင်ငံသား သုံးဦးကို ကယ်တင်ပြီး အောက်တိုဘာ ၂၇ ရက်က မိခင်နိုင်ငံသို့ အောင်အောင်မြင်မြင် ပြန်ပို့နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဖိလစ်ပိုင်နိုင်ငံသား သုံးဦးသည် ထိုင်းနိုင်ငံ ဘန်ကောက်တွင် call center အေးဂျင့်များအဖြစ် မက်လောက်စရာ အလုပ်နေရာများ ရရှိမည်ဟု အွန်လိုင်းမှတဆင့် လိမ်လည် ဖြားယောင်း ခေါ်ဆောင်ခြင်း ခံရပြီး အမှန်လက်တွေ့တွင် အွန်လိုင်းရိုက်စားလုပ်ငန်းများတွင် အလုပ်ခိုင်းစေခြင်း ခံခဲ့ကြရသည်။

အမည်ဖော်ပြထားခြင်း မရှိသည့် အဆိုပါ လှည့်စားဖြားယောင်းခံရသူများသည် အသက် ၂၀ မှ ၃၀ နှစ်အကြားရှိ အမျိုးသားများဖြစ်ကြကြောင်း ဖိလစ်ပိုင် လူဝင်မှုကြီးကြပ်ရေး ဗျူရို (BI) က အောက်တိုဘာ ၂၈ ရက်တွင် ပြောသည်။ ထိုသုံးဦးစလုံးသည် မြန်မာနိုင်ငံမှ လူကုန်ကူးခံရသူများ အစုအဖွဲ့တခုတွင် ပါဝင်ခဲ့ကြောင်း BI က အတည်ပြုသည်။

ဖိလစ်ပိုင်နိုင်ငံသားများသည် ကနဦးမူလတွင် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ရမည် ဆိုပြီး ဖေ့ဘွတ်ခ်မှတဆင့် ခေါ်ယူခြင်းခံရခြင်း ဖြစ်ပြီး ၎င်းတို့ ထိုင်းနိုင်ငံ မြို့တော်သို့ ရောက်သွားပြီးနောက်တွင် မဲဆောက်သို့ ပို့ဆောင်ခြင်းခံရပြီး နယ်စပ်ဖြတ်ကာ စက်လှေဖြင့် မြန်မာနိုင်ငံဘက်သို့ အပို့ခံခဲ့ရခြင်း ဖြစ်ကြောင်း BI က ပြောသည်။

၎င်းတို့သည် အပြီးသတ်တွင် တရားမဝင် အွန်လိုင်း အလိမ်အညာလုပ်ငန်းများ လုပ်ကိုင်သည့် တရုတ် ရင်းနှီးမြှုပ်နှံသူများနှင့် အလုပ်သမားများရှိရာအဖြစ် သိကြသည့် ရွှေကုက္ကိုလ်မြို့သို့ ပို့ဆောင်ခြင်းခံရသည်။

အလားတူဖြစ်စဉ်ဖြင့် ယခင် မူလနေရပ်ပြန်ရောက်သူများ၏ ထုတ်ဖော်မှုအရ ၎င်းတို့သည် Tinder ၊ Grindr နှင့် OkCupid ကဲ့သို့ အွန်လိုင်း dating ပလက်ဖောင်း ၁၆ ခုထက်မနည်းတွင် အကောင့်တုများ ဖွင့်ကာ ယင်းတွင် အတုအယောင် ဒစ်ဂျစ်တယ်ငွေကြေး အကောင့်များတွင် ရင်းနှီးမြှုပ်နှံရန် အမေရိကန်သားများနှင့် ဥရောပသားများကို ပစ်မှတ်ထားလုပ်ဆောင်လိမ့်မည်ဖြစ်ကြောင်း သိရသည်။

အတုအယောင် အလုပ်ကမ်းလှမ်းမှုနှင့် ၎င်းတို့ အတင်းအကျပ် ပါဝင်လုပ်ကိုင်ရသည့် လုပ်နည်းကိုင်နည်းများအပြင် ဖိလစ်ပိုင်နိုင်ငံသားများသည် ကြမ်းတမ်းသည့် အလုပ်လုပ်ကိုင်ရမှု အခြေအနေများကို ကြုံတွေ့ခဲ့ကြရပြီး ၎င်းတို့၏ အပတ်စဉ် သတ်မှတ်အလုပ်ပမာဏ မပြည့်မီပါက အကြိမ်ရာချီ ဒိုက်ထိုးရခြင်း၊ ထိုင်ထ ခုန်ရခြင်းအပြင် အစားအစာနှင့် ရေ မပေးဘဲ အထားခံရခြင်း၊ ပိတ်လှောင်ခံရခြင်းတို့ကို ခံခဲ့ရကြောင်း သိရသည်။

“ဒီ လိမ်လည်လှည့်ဖြားခံရသူတွေဟာ တနေ့ကို ၁၆ နာရီကနေ ၁၈ နာရီအထိ အလုပ်လုပ်ရပြီး နားရက်လည်း မရခဲ့ကြဘူးလို့ သိရတယ်” ဟု BI က သတင်းထုတ်ပြန်ချက်တရပ်တွင် ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly