မြန်မာနိုင်ငံက ရာဇဝတ်မှုအထူပြောဆုံးနိုင်ငံအဖြစ် တတိယနေရာမှာရှိနေ

By မဇ္ဈိမ 
24 July 2023
မြန်မာနိုင်ငံက ရာဇဝတ်မှုအထူပြောဆုံးနိုင်ငံအဖြစ် တတိယနေရာမှာရှိနေ

မြန်မာနိုင်ငံဟာ ကမ္ဘာ့နိုင်ငံ ၁၉၃နိုင်ငံအနက် ရာဇဝတ်မှုအထူပြောဆုံးနိုင်ငံအဖြစ် တတိယမြောက်နေရာမှာရှိနေတယ်လို့ ဆွစ်ဇာလန်အခြေစိုက် Global Initiative အဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

ဆွစ်ဇာလန်နိုင်ငံအခြေစိုက် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတိုက်ဖျက်ရေး Global Initiative အဖွဲ့က ပြုစုတဲ့ ရာဇဝတ်မှုအညွှန်းကိန်းမှာ ဖော်ပြထားတာဖြစ်ပါတယ်။

ကမ္ဘာ့အပျော်ရွှင်ဆုံး ထိပ်ဆုံး ၁၀ နိုင်ငံမှာ မြန်မာနိုင်ငံ မပါဝင်ပေမဲ့ ကမ္ဘာမှာ ဒုတိယမြောက် ဘိန်းထွက်ပြီး ကမ္ဘာ့ ၁၉၃ နိုင်ငံမှာ တတိယမြောက်ရာဇဝတ်မှု အထူပြောဆုံး နိုင်ငံဖြစ်ပါတယ်။

ရာဇဝတ်မှုအခြေတည်တဲ့ကဏ္ဍတွေကို လူအရင်းအမြစ်၊ ကုန်သွယ်ရေး၊ ပတ်ဝန်းကျင်၊ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုကျူးလွန်သူတွေလို့ အညွှန်းကိန်းအရ ဖော်ပြထားပါတယ်။

လူသားအရင်းအမြစ်ကဏ္ဍမှာ မြန်မာနိုင်ငံဟာ လူကုန်ကူးမှု ပင်ရင်းနိုင်ငံလို့ ဆိုထားပြီး ထိုင်းနဲ့ မလေးရှားကို လူကုန်ကူးခံရပြီး အမျိုးသမီးတွေအနေနဲ့ လိင်ပိုင်းဆိုင်ရာကိစ္စအတွက် မကြာခဏ လူကုန်ကူးခံရတယ်လို့ ရေးသားထားပါတယ်။

အမျိုးသားတွေဆို ငါးလုပ်ငန်း ဒါမှမဟုတ် ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ၊ အမျိုးသမီးတွေဆိုရင် လိင်ပိုင်းဆိုင်ရာ ကိစ္စတွေအတွက် မကြာခဏ လူကုန် ကူးခံရတယ်လို့ ပြောပါတယ်။

ကမ္ဘာ့သတင်းတွေမှာလည်း လူကုန်ကူးခံရပြီး မြန်မာနယ်စပ်မှာ လှုပ်ရှားနေတဲ့ အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေမှာ စေခိုင်းခံရတာတွေ မကြာခဏ ဖော်ပြနေတာပါ။

Global Initiative မှာဖော်ပြတဲ့ ကုန်သွယ်ရေး ကဏ္ဍမှာ လက်နက်ကိုင်ပဋိပက္ခကို ပြောထားပါတယ်။ စစ်ကောင်စီကို ဆန့်ကျင်တိုက်ပွဲဝင်တဲ့ လက်နက်ကိုင်အဖွဲ့တွေ လက်နက်ရဖို့ကြိုးစားတာမို့ ထိုင်း၊ တရုတ်နဲ့ အိန္ဒိယက လက်နက်မှောင်ခိုပို့တယ်လို့ ပြောပါတယ်။

ပတ်ဝန်းကျင်ရေးရာမှာ တရုတ်နိုင်ငံကို သစ်မှောင်ခိုတင်ပို့မှု၊ ကျောက်စိမ်း၊ ရွှေ၊ ကြေးနီ တူးဖော်မှုကြောင့် သစ်တောပြုန်းတီးပြီး ဂေဟစနစ်လည်းပျက်၊ ရွှေတူးဖော်တဲ့နေရာတွေမှာ မြစ်ကြောင်းပျက်စီးရတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံဟာ ကမ္ဘာမှာ လူလုပ်မူးယစ်ဆေးဝါး အထူးသဖြင့် Methamphetamine အများဆုံးထုတ်လုပ်တဲ့ နိုင်ငံလို့ပြောပါတယ်။ 

Global Initiative ညွှန်းကိန်းမှာ ပါရှိတဲ့ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေမှာ အထူးသဖြင့် မူးယစ်ဆေးဝါးမှောင်ခိုဈေးကွက်မှာ အဆင့်မြင့် တာဝန်ရှိသူတွေ၊ စစ်ဘက်ခေါင်းဆောင်တွေ ပါဝင်ပတ်သက်တယ်လို့ ဖော်ပြထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly