စစ်ကောင်စီက ကချင်စစ်ဘေးရှောင်စခန်းကို ကြီးမားပြင်းထန်တဲ့ ဗုံး အကြီးစားအသုံးပြုကာ လေကြောင်းမှ တိုက်ခိုက်ခဲ့ကြောင်း AI ထုတ်ပြန်

By Spring
17 October 2023
စစ်ကောင်စီက ကချင်စစ်ဘေးရှောင်စခန်းကို ကြီးမားပြင်းထန်တဲ့ ဗုံး အကြီးစားအသုံးပြုကာ လေကြောင်းမှ တိုက်ခိုက်ခဲ့ကြောင်း AI ထုတ်ပြန်

မြန်မာ- တရုတ်နယ်စပ် ကချင်လွတ်မြောက်ရေးတပ်မတော်အခြေစိုက်ရာ လိုင်ဇာမြို့ အနီးရှိ မုန်လိုင်ခတ်စစ်ဘေးရှောင်ကို စစ်ကောင်စီက ကြီးမားပြင်းထန်တဲ့ unguided bomb အသုံးပြုကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ ( AI ) က သတင်းထုတ်ပြန်လိုက်ပါတယ်။

အဆိုပါပေါက်ကွဲမှုဖြစ်စဉ်ကိုလေ့လာကြည့်ရှုချက်များအရ စစ်ပွဲတွေမှာ အသုံးမပြုဖို့ တားမြစ်ထားတဲ့ unguided bomb ( 250 kg, 500 kg) ဗုံး အကြီးစားအသုံးပြုကာ တိုက်ခိုက်ခြင်း၊ ဆင်ခြင်မဲ့ရမ်းကားပစ်ခတ်ခြင်းဖြစ်ပြီး စစ်ရာဇဝင်မှုမြောက်ကြောင်း အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ ( Amnesty International) ရဲ့ အောက်တိုဘာ ၁၃ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့်ဖြစ်ခဲ့တဲ့ ချိုင့်ကျင်းအရွယ်အစားနဲ့ အပျက်အစီးတွေကို လေ့လာ ခဲ့ပြီးနောက် စစ်ကောင်စီတပ် အသုံးပြုလေ့ရှိတဲ့လေကြောင်း ကနေ ပစ်ခတ်တဲ့ကြီးမားတဲ့ ပြင်းထန်တဲ့ ဗုံးအမျိုးအစားနဲ့ကိုက်ညီနေတယ် လို့ AI က လက်နက်ကျွမ်းကျင်သူ ပြောကြားချက်ကို ထုတ်ဖော်ရေးသားထားပါတယ်။

မုန်လိုင်ခက် စစ်ဘေးဒုက္ခသည်စခန်းကို မြန်မာစစ်တပ် တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၂၈ ယောက် သေဆုံးခဲ့ပြီး အဲဒီတိုက်ခိုက်မှုဟာ စစ်ရာဇဝတ်မှုမြောက်တဲ့ လုပ်ရပ်ဖြစ်နိုင်တယ်လို့ လည်း ဆိုပါတယ်။

မျက်မြင်သက်သေတွေရဲ့ ပြောဆိုချက်အရ စခန်းအနီးမှာ ကြီးမားတဲ့ ဗုံးတစ်လုံး ပေါက်ကွဲခဲ့ပြီး၊ မြန်မာစစ်တပ်ရှိနေတဲ့ နေရာကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုနောက်ပိုင်း ပေါ်ထွက်လာတဲ့ ဓာတ်ပုံတွေ၊ ဗွီဒီယိုတွေကို AI အဖွဲ့က ကျွမ်းကျင်သူတွေရဲ့ စစ်ဆေးချက်အရ ဒီတိုက်ခိုက်မှုမှာ အသုံးပြုတဲ့ လက်နက်ပေါက်ကွဲမှုကြောင့် အနီးဝန်းကျင်က ဘုရားရှိခိုးကျောင်း၊ စာသင်ကျောင်းနဲ့ အိမ်တွေ တော်တော်များများ ပြိုလဲကျသွားပြီး မီးတွေလောင်ကုန်တဲ့အပြင် ပေါက်ကွဲမှုကြောင့် မြေပြင်မှာ ရှိနေတဲ့သူတွေဟာလည်း ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ ပြတ်ထွက်ပြီး သေဆုံးခဲ့တာ ဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီလိုလူသေစေလောက်တဲ့ တိုက်ခိုက်မှုတွေ ကျူးလွန်ခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ လုပ်ရပ်ဟာ လူ့အသက်ကို လုံးဝ အလေးမထားတာ သက်သေပြနေကြောင်း၊ မုန်လိုင်ခက်ဒုက္ခသည်စခန်းကို အခုလိုတိုက်ခိုက်တာဟာ စစ်တပ်က အာဏာသိမ်းပြီးကတည်းက မြန်မာစစ်တပ်ကနေ အရပ်သားပြည်သူတွေကို အလွန်အကျွံ အင်အားသုံးတိုက်ခိုက်မှု မြောက်များစွာထဲက တစ်ခုသာ ဖြစ်ကြောင်းနဲ့ ဒီတိုက်ခိုက်မှုအများစုက စစ်ရာဇဝတ်မှု မြောက်တယ်လို့ AI အဖွဲ့ရဲ့ ညွှန်ကြားရေးမှုး Matthew Wells က ပြောပါတယ်။

ကုလသမဂ္ဂ အနေနဲ့ မြန်မာစစ်တပ်က နိုင်ငံအနှံ့ကအရပ်သားတွေကို အထပ်ထပ်တိုက်ခိုက်နေတာ ဖြစ်တဲ့အတွက် လေယာဉ်လောင်စာဆီနဲ့ လက်နက်ပိတ်ဆို့မှုတွေ ချမှတ်သင့်တယ်လို့လည်းတိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံတွင်ဖြစ်ပွားနေတဲ့ အစုလိုက်အပြုံလိုက်တိုက်ခိုက်ခံရမှုများ အပါအဝင် မြန်မာ့စစ်ရာဇဝတ်မှုအခြေအနေတွေ ကိုဖြေရှင်းဖို့ အတွက် International Law နဲ့ တရားမျှတမှုရယူကာ ကုလသမဂ္ဂမှတဆင့် ICC ထံလွဲပြောင်းသင့်ကြောင်း AI က ဆိုထားပါတယ်။

ဒီတိုက်ခိုက်မှု သူတို့လက်ချက်မဟုတ်ကြောင်း စစ်ကောင်စီက ငြင်းဆိုထားပေမဲ့ အမေရိကန်အပါအဝင် နိုင်ငံတကာနဲ့ ပြည်တွင်းပြည်ပအဖွဲ့အစည်းတွေက စစ်ကောင်စီရဲ့ တိုက်ခိုက်မှုဖြစ်ကြောင်းနဲ့ အဲဒီလုပ်ရပ်ကို ကန့်ကွက်ရှုတ်ချကြောင်း ဆိုထားကြပါတယ်။

စစ်ကောင်စီက အဆိုပါ တိုက်ခိုက်မှုကိုငြင်းဆို၍ အမိုနီယံနိုက်ထရိုက် ယမ်းသိုလှောင်ရုံ ပေါက်ကွဲကြောင်း သတင်းထုတ်ပြန်ထားပေမယ့် ပေါက်ကွဲမှုဟာ ယမ်းသိုလှောင်ရုံ‌ကြောင့်မဟုတ်ဘဲ ပုံမှန်ယာဉ်အသွားအလာရှိတဲ့ နေရာမှာ ပေါက်ကွဲခဲ့ ခြင်းဖြစ်တဲ့ အပြင် အချိန်ကိုက် တိုက်ခိုက်ခဲ့တဲ့ လက္ခဏာများတွေ့ရကြောင်း AI ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

#politicalnews

#mizzima

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required