ကမ္ဘောဒီးယား၌ တရုတ်ငွေကြေးထောက်ပံ့သည့် လေဆိပ် လုပ်ငန်းများစတင်လည်ပတ်

ကမ္ဘောဒီးယား၌ တရုတ်ငွေကြေးထောက်ပံ့သည့် လေဆိပ် လုပ်ငန်းများစတင်လည်ပတ်
Photo - AFP

ကမ္ဘောဒီးယားတွင် ဒေါ်လာ ဘီလီယံနှင့်ချီ တရုတ်ငွေကြေးပံ့ပိုးသော လေဆိပ်တခုသည် အောက်တိုဘာ ၁၆ ရက်က လုပ်ငန်းများ စတင်လည်ပတ်ခဲ့ပြီး ယင်းက အရေးပါသော ခရီးသွား ကဏ္ဍကို ရှင်သန်တိုးတက်စေလိမ့်မည်ဟု ဒေသတာဝန်ရှိသူများက မျှော်လင့်လျက်ရှိသည်။

ကမ္ဘောဒီးယားသည် အာဏာရှင်ဆန်သော ခေါင်းဆောင်ဟောင်း ဟွန်ဆန် လက်ထက်တွင် တရုတ်၏ အားအကောင်းဆုံး ဒေသတွင်း မဟာမိတ်များအနက် တနိုင်ငံ ဖြစ်လာခဲ့ပြီး များပြားသည့် တရုတ်၏ ရင်းနှီးမြှုပ်နှံမှုများကို လက်ခံရရှိခဲ့သည်။

ဆီယမ် ရိ(ပ်) အန်ကော အပြည်ပြည်ဆိုင်ရာ လေဆိပ် (SAI) ၏ မီတာ ၃,၆၀၀ (၁၁,၈၀၀ ပေ) ရှိ လေယာဉ်ပြေးလမ်း၌ ဘန်ကောက်မှ လာသည့် ပထမဆုံးသော ကော်မာရှယ် လေယာဉ်ခရီးစဉ်ကို ကမ္ဘောဒီးယား ဝန်ကြီးများက တနင်္လာနေ့တွင် ကြိုဆိုကြသည်။

ဟက်တာပေါင်း ၇၀၀ ရှိ မြေနေရာပေါ်တွင် တည်ဆောက်ထားသည့် ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံတန် လေဆိပ်သည် ၂၀၄၀ ပြည့်နှစ်မှစ၍ တနှစ်လျင် ခရီးသည် ၁၂ သန်းအထိကို လက်ခံ ဝန်ဆောင်မှုပေးသွားမည် ဖြစ်သည်။

“ဒီ အောင်မြင်မှုက ကမ္ဘောဒီးယားရဲ့ ခရီးသွားလုပ်ငန်း ပြန်လည်နာလန်ထမှုကို မြှင့်တင်ရာမှာ အရေးပါပါလိမ့်မယ်” ဟု ဒုဝန်ကြီးချုပ် ဗောင်ဆေး ဗစ်ဆို့သ်က လေဆိပ်သစ်၌ အခမ်းအနားတခုအတွင်း ပြောသည်။

ယခု လေဆိပ်သည် ကမ္ဘောဒီးယားအတွက် သမိုင်းမှတ်တိုင်တခု ဖြစ်သလို နိုင်ငံနှစ်နိုင်ငံ၏ သံတမန်ဆက်ဆံရေး ပိုမိုနီးကပ်လာခြင်း၏ လက်ဆုပ်လက်ကိုင်ပြနိုင်သော ရလဒ်တခုဖြစ်ကြောင်း အရပ်ဘက် လေကြောင်း ဌာနအကြီးအကဲ မော် ဟာဗန်နောလ်က ပြောသည်။

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန် မန်နက်နှင့် တရုတ်ထိပ်တန်းခေါင်းဆောင်တဦးတို့က လေဆိပ်ကို လာမည့်လတွင် တရားဝင် ဖွင့်လှစ်ပေးဖွယ် ရှိကြောင်း တာဝန်ရှိသူများက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required