ထိုင်းသံအမတ်ဟောင်း အသတ်ခံရမှုအတွက် သံသယရှိသူ မြန်မာအမျိုးသားကို လိုက်လံရှာဖွေနေ

ထိုင်းသံအမတ်ဟောင်း အသတ်ခံရမှုအတွက် သံသယရှိသူ မြန်မာအမျိုးသားကို လိုက်လံရှာဖွေနေ
Photo - Bangkok Post

ထိုင်းနိုင်ငံ Chatuchak ခရိုင်တွင် ဒိန်းမတ်ဆိုင်ရာ ထိုင်းသံအမတ်ဟောင်းတဦး နေအိမ်၌ ချွန်ထက်သည့် လက်နက်ဖြင့် ထိုးသွင်းသတ်ဖြတ်ခံရသည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး ထိုသံအမတ်ဟောင်းအတွက် အလုပ်လုပ်ကိုင်ပေးခဲ့သည့် မြန်မာလူငယ်အမျိုးသားတဦးကို ထိုင်းရဲများက အောက်တိုဘာ ၉ ရက်တွင် လိုက်လံရှာဖွေလျက် ရှိသည်။

ထိုလူသတ်မှုဖြစ်စဉ်၌ ကျူးလွန်သူအဖြစ် အဓိက သံသယရှိသူမှာ အသက် ၁၉ နှစ်ရှိ မြန်မာနိုင်ငံသား စိုင်းမြတ်မိုး ဆိုသူ ဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့မှ ရဲမှူး အက်ထာပေါ အနူဆစ်က ပြောသည်။

အသက် ၆၃ နှစ်ရှိ ထိုင်းသံအမတ်ဟောင်း ဗီချစ် ဗီချစ်တ်မန်းကို အောက်တိုဘာ ၈ ရက်က Vibhavadi Rangsit လမ်းပေါ်ရှိ အိမ်ရာတခုရှိ ၎င်း၏ နေအိမ်၌ ရင်ဘတ် ထိုးသွင်းဒဏ်ရာ သုံးချက်ဖြင့် သေဆုံးနေသည်ကို တွေ့ခဲ့ရခြင်းဖြစ်သည်။

သေဆုံးသူသည် ထိုအိမ်သို့ စက်တင်ဘာ ၉ ရက်ကမှ ပြောင်းရွှေ့ရောက်ရှိခဲ့ပြီး တကိုယ်တည်း နေထိုင်ခဲ့ကြောင်း သိရသည်။ ပြစ်မှုကျူးလွန်သူဟု သံသယရှိသူသည် စက်တင်ဘာ ၁၉ ရက်မှစပြီး ထိုအိမ်၌ ထိုင်းသံအမတ်ဟောင်းအတွက် အလုပ်လုပ်ကိုင်ပေးခဲ့သူဖြစ်သည်။

လူသတ်သမား၏ ရည်ရွယ်ချက်က ပစ္စည်းလုယက်ရန် ဖြစ်ကြောင်း ရဲများက ထင်မြင်သည်။ ဗီချစ်၏ မိုဘိုင်းဖုန်းများနှင့် တက်ဘလက် ကွန်ပြူတာများလည်း ပျောက်ဆုံးနေကြောင်း သိရသည်။

လူသတ်မှု ဖြစ်ချိန်ဟု ယူဆရသည့် အချိန်နောက်ပိုင်း နာရီအနည်းငယ်အကြာတွင် သံသယရှိသူသည် ဈေးဝယ်စင်တာတခုရှိ အေတီအမ်စက်တလုံးမှ ဂဏန်းခြောက်လုံး ရှိ များပြားသည့် ငွေပမာဏတရပ် ထုတ်ယူသွားကြောင်း စုံစမ်းစစ်ဆေးရေး အရာရှိများက ပြောသည်။ ယင်းနောက်ပိုင်းမှစ၍ ၎င်းအား မြင်တွေ့ရတော့ခြင်း မရှိပေ။

သံသယရှိသူသည် နယ်စပ်ဖြတ်ကာ မြန်မာဘက်သို့ ထွက်ပြေးသွားခဲ့ပြီး ဖြစ်ကောင်းဖြစ်နိုင်ကြောင်း စုံစမ်းစစ်ဆေးသူများက နောက်ပိုင်းတွင် ကြားသိထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required