မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကြောက်မက်ဖွယ်အခြေအနေနှင့်ပတ်သက်၍ ကုလ လူ့အခွင့်အရေးအဖွဲ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်

မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကြောက်မက်ဖွယ်အခြေအနေနှင့်ပတ်သက်၍ ကုလ လူ့အခွင့်အရေးအဖွဲ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (UNOHCHR) သည် လူ့အခွင့်အရေးကောင်စီ၏ ၅၄ ကြိမ်မြောက် ပုံမှန်အစည်းအဝေးသို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အစီရင်ခံစာ တင်ပြမှုနှင့်ပတ်သက်ပြီး အောက်တိုဘာ ၂ ရက်က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ဂျာနယ်လစ်များနှင့် မီဒီယာ ပုဂ္ဂိုလ်များကို ဖိတ်ကြား၍ လူကိုယ်တိုင်တွေ့ဆုံသည့် သတင်းစာရှင်းလင်းပွဲတရပ် ပြုလုပ်သည်။

OHCHR မြန်မာ အဖွဲ့၏ အကြီးအကဲ ဂျိမ်းစ် ရော့ဒီဟာဗာက ရှင်းလင်းပြောဆိုခဲ့ပြီး မြန်မာပြည်သူများ ရင်ဆိုင်နေရသည့် ကြီးလေးပြင်းထန်သော လူ့အခွင့်အရေး ကိစ္စများကို ၎င်းက အလေးပေး ပြောဆိုသည်။

အောက်ပါတို့သည် စက်တင်ဘာလ အစီရင်ခံစာတွင် ထုတ်ပြန်ဖော်ပြပြီး အစီရင်ခံစာတင်ပြမှုတွင် လိုရင်းအချုပ်ဖော်ပြထားသည့် အဓိကတွေ့ရှိချက်များဖြစ်သည်။

ကုလ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက ပြင်ဆင်သည့် ယခု အစီရင်ခံစာတွင် ၂၀၂၂ ဧပြီ ၁ ရက်မှ ၂၀၂၃ ဇူလိုင် ၃၁ ရက်အထိ နိုင်ငံတကာ ဥပဒေ ချိုးဖောက်သည့် ဦးတည်ရာများနှင့် ပုံံစံများကို ဆန်းစစ်လေ့လာသည်။ ကုလရုံးအနေဖြင့် မြန်မာနိုင်ငံကို ဝင်ရောက်လေ့လာနိုင်ခြင်း မရှိသည့် အခြေအနေတွင် ယခု တွေ့ရှိချက်များသည် ပြည်တွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၊ တာဝန်ရှိသူများနှင့် ပုံမှန် ပူးပေါင်းဆောင်ရွက်မှု၊ ဒေတာနှင့် သတင်းအချက်အလက် ဖလှယ်မျှဝေမှုများအပြင် ဂြိုဟ်တုဓာတ်ပုံများ၊ စိစစ်အတည်ပြုနိုင်သော မာလ်တီမီဒီယာဖိုင်များ၊ ယုံကြည်စိတ်ချရသည့် open-source သတင်းအချက်အလက်များနှင့်အတူ ထိခိုက်ခံစားရသူများ၊ အသက်ရှင်လွတ်မြောက်သူများနှင့် တွေ့ဆုံမေးမြန်းမှု ၁၆၁ ခုအပေါ် အခြေခံထားသည်။

စစ်အာဏာသိမ်းပြီးနောက် သုံးနှစ်မြောက်နှစ်တွင် စစ်တပ်က အရပ်သားပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှုများ၊ လူအစုအပြုံလိုက် သတ်ဖြတ်မှုများနှင့် မီးရှို့မှုများကို အကွက်ချ အသုံးပြုလုပ်ဆောင်ခြင်းကြောင့် နိုင်ငံတွင် လူ့အခွင့်အရေး အကျပ်အတည်းက ဆက်လက် ယိုယွင်းဆိုးရွားနေခဲ့သည်။ ပြစ်ဒဏ်ခတ်မခံရဆိုသည့် ယုံကြည်မှုဖြင့် ရဲဆေးတင်ခြင်းနှင့်အတူ စစ်တပ်၏ လုပ်ရပ်များက ကြီးလေးပြင်းထန်မှုနှင့် ရက်စက်မှုအပိုင်းတွင် ကြီးထွားလာခဲ့ရာ လူသားချင်းစာနာမှု၊ နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ တခုနှင့်တခု ဆက်နွယ်နေသည့် အကျပ်အတည်းကြီးများကို ဖြစ်စေသည်။ ဆိုင်ကလုန်း မိုခါမုန်တိုင်း၏ ဆိုးဝါးသော ထိခိုက်မှုတို့ ဖြစ်ပေါ်ပြီးနောက်တွင်တောင်မှ အသက်ကယ် အကူအညီများ လိုအပ်နေသည့် ပြည်သူများထံ လူသားချင်းစာနာမှု ဝင်လမ်း ငြင်းဆန်ပိတ်ပင်ခံရမှုက ဆက်ရှိနေခဲ့သည်။ အဆုံးမရှိ ထိုးတက်မည့်ပုံပေါ်သည့် စစ်တပ်၏ အကြမ်းဖက်မှုတို့က နိုင်ငံတွင် လူမှုဘဝ ကဏ္ဍအားလုံးအပေါ် ဝါးမျိုနေခဲ့သည်။ အရပ်သားပြည်သူများအတွက် အကာအကွယ်ပေးရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများကို တိုးလာခြင်းက စစ်တပ်ဆန့်ကျင်သော လက်နက်ကိုင်အဖွဲ့များ၏ အကြမ်းဖက်မှုမှလည်း ဆင်းသက်ခဲ့သည်။ သို့သော် အဆိုပါ လုပ်ရပ်များက စစ်တပ်၏ အကြမ်းဖက်မှုနှင့် နှိုင်းယှဉ်ပါက ပမာဏ၊ အချိုးအစား သို့မဟုတ် အတိုင်းအတာပိုင်းတွင် ဆက်လက်၍ နည်းပါးနေခဲ့သည်။

 

လေကြောင်းတိုက်ခိုက်မှုများ

စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများ အသုံးပြုလုပ်ဆောင်ခြင်းက အထက်ဖော်ပြပါ ကာလအပိုင်းအခြားအတွင်း တိုက်ခိုက်မှု အကြိမ်ရေ ၆၈၇ ခုခန့်နှင့်အတူ သိသိသာသာ မြင့်တက်ခဲ့ပြီး ၂၀၂၁ ဖေဖေါ်ဝါရီ ၁ ရက်နှင့် ၂၀၂၂ မတ်လ ၃၁ ရက်အကြားကာလတွင် တိုက်ခိုက်မှုပေါင်း ၃၀၁ ခု လုပ်ဆောင်ခဲ့သည်။ ယုံကြည်စိတ်ချရသည့် သတင်းရင်းမြစ်များ၏ အတည်ပြုချက်များအရ စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် လူ ၂၈၁ ဦးထက်မနည်း သေဆုံးခဲ့ရပြီး အရပ်သားပြည်သူများအကြား ထိတ်လန့်ကြောက်ရွံ့မှုကို ဖြစ်စေခဲ့ကာ လက်ရှိတွင် အရပ်သားပြည်သူတို့မှာ ၎င်းတို့၏ နေအိမ်များ၊ စာသင်ကျောင်းများ၊ ဆေးရုံများနှင့် ဘာသာရေး အဆောက်အအုံများတွင်နှင့် ရပ်ရွာအစုအဖွဲ့အဖြစ် စုဝေးချိန်တို့တွင် ဗုံးကြဲခံရနိုင်သည် ဆိုပြီး စိုးရိမ်ပူပန်မှုများ ရှိနေကြသည်။ ယခင်က အထူးသဖြင့် ကချင်၊ ကယားနှင့် ကရင် အပါအဝင် နိုင်ငံ၏ အရှေ့မြောက်နှင့် အရှေ့တောင်ပိုင်းတို့သည် အများဆုံး ပစ်မှတ်ထားခံရသည့် ဧရိယာများဖြစ်ခဲ့သော်လည်း နိုင်ငံ၏ အလယ်ပိုင်း ဒေသများတွင် လေကြောင်းတိုက်ခိုက်မှုများက ၃၃၀ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ကိန်းဂဏန်းအားဖြင့် ၇၉ ခုမှ ၃၄၄ ခုအထိ မြင့်တက်ခဲ့ကြောင်း အစီရင်ခံစာတွင် မှတ်ချက်ပြုသည်။

လေကြောင်းတိုက်ခိုက်မှုပေါင်း ၃၄၄ ခုအနက် စစ်ကိုင်းတိုင်းတခုတည်းမှာပင် ၂၅၈ ခု ဖြစ်ပွားပြီး ယင်းက နိုင်ငံတဝန်း စုစုပေါင်း၏ ၃၆ ရာခိုင်နှုန်းဖြစ်သည်။ မကြာခဏဆိုသလို လေကြောင်းတိုက်ခိုက်မှုများအပြင် ထိခိုက်ဒဏ်ရာရသူများ ဆေးဝါးကုသခွင့် မရစေနိုင်ရန် အကွက်ကျကျ ပိတ်ဆို့သည့် လုပ်ဆောင်ချက်များ ရှိနေခြင်းက နောက်ထပ် စိုးရိမ်ပူပန်စရာတခုဖြစ်သည်။

 

လူအစုအပြုံလိုက် သတ်ဖြတ်မှုများ

စစ်တပ်၏ ရက်စက်မှုများက ဆက်လက်၍ အရှိန်မြင့်နေစဉ် အရပ်သားပြည်သူများကို အကာအကွယ်ပေးရေးအတွက် မြေပြင်စစ်ဆင်ရေးများက အခြားသော အဓိက ခြိမ်းခြောက်မှုအဖြစ် ဆက်ရှိနေသည်။ စစ်ကောင်စီတပ်ဖွဲ့များသည် ကျေးရွာများကို ထပ်တလဲလဲ ဝင်ရောက်ပြီး ရွာသားများကို ဖမ်းဆီးကာ သတ်ဖြတ်မှုများ လုပ်ဆောင်ခဲ့သည်။ စစ်ကောင်စီစစ်သားများသည် ၎င်းတို့လက်တွင်း ကျရောက်သူများကို အရှင်လတ်လတ် မီးရှို့ခြင်း၊ ခြေလက်အင်္ဂါ ဖြတ်တောက်ခြင်း၊ အဓမ္မပြုကျင့်ခြင်း၊ ခေါင်းဖြတ်ခြင်း၊ ထုနှက်ခြင်းအပြင် တိုက်ခိုက်မှုများနှင့် မြေမြှုပ်မိုင်းများမှ အကာအကွယ်အတွက် လူသားဒိုင်းအဖြစ် အသုံးပြုခြင်း အပါအဝင် ထိခိုက်ခံစားရသူများကို မစဉ်းစားနိုင်လောက်သည့် ထိခိုက်နာကျင်မှုတို့ ဖြစ်စေရန် လူမဆန်သော ပြုမူမှုများသဖွယ် ဖြစ်သည့် ဆိုးရွားသည့် နည်းလမ်းများကို ရွေးချယ် အသုံးပြု လုပ်ဆောင်ထားသည်။ အရပ်သား ၁၀ ဦးထက်မနည်း သတ်ဖြတ်ခံရသည့် ဖြစ်စဉ်တခုကို လူအစုအပြုံလိုက် သတ်ဖြတ်မှုတခုအဖြစ် ယူဆနိုင်သည်။

 

မီးရှို့မှုများ

ပျံ့နှံ့ဖြစ်ပေါ်ပြီး ဆက်လက်၍ အကွက်ကျကျ လုပ်ဆောင်သည့် မီးရှို့မှုများက အရပ်သားပြည်သူများအပေါ် အကာအကွယ်ပေးရေးအပေါ် နောက်ထပ် ထိုးနှက်စော်ကားမှုအဖြစ် ရှိနေသည်။ စစ်တပ်၏ ဖြတ်လေးဖြတ် ဗျူဟာ၏ အဓိက နည်းဗျူဟာတခုအဖြစ် ဖွဲ့စည်းလျက် စစ်တပ်သည် ရန်သူ လူအစုအဖွဲ့ဟု ရှုမြင်သူများကို အပြစ်ပေးရန်နှင့် ဆန့်ကျင်တိုက်ခိုက်သူများအတွက် စားနပ်ရိက္ခာ ရရှိစေမှု လမ်းကြောင်းကို ပိတ်ဆို့ရန် လူနေအိမ်များကိုသာမက အစားအစာ သိုလှောင်နေရာများ၊ မျိုးစေ့ သိုလှောင်ရုံများနှင့် ခြံမွေးတိရစ္ဆာန်များကိုပါ ပစ်မှတ်ထား မီးရှို့သည်။ စစ်တပ်၏ ထိုလုပ်ရပ်များကြောင့် ချက်ချင်းလက်ငင်းနှင့် ရေရှည် ထိခိုက်နစ်နာမှုတို့ကို ဖြစ်စေသလို အရပ်သားပြည်သူများမှာလည်း ပြင်းထန်သော ရာသီဥတု အခြေအနေများ၊ မြွေကိုက်ခြင်းနှင့် မြေမြှုပ်မိုင်းများ အပါအဝင် များစွာသော လူကြောင့်ဖြစ်သည့် ဘေးအန္တရာယ်များနှင့် သဘာဝ ဘေးအန္တရာယ်များဒဏ် ခံရနိုင်သည့် မရေမရာလှသော အခြေအနေများအောက်တွင် နေထိုင်ကြရသည်။

 

ရိုဟင်ဂျာ

၂၀၂၃ ၊ မေလ ၁၄ ရက်က ရခိုင်ပြည်နယ်၌ ဆိုင်ကလုန်းမိုခါ ဝင်ရောက်တိုက်ခတ်မှုကြောင့် ရိုဟင်ဂျာ ၁၁၆ ဦး သေဆုံးကြောင်း စစ်တပ်က ထုတ်ပြန်သည်။ ကနဦး ကိန်းဂဏန်းများအရ သေဆုံးသူ ၄၀၀ ခန့် ရှိသည်ဟု ဆိုသော်လည်း စစ်တပ်က ၎င်းတို့ ထုတ်ပြန်ထားသည့် သေဆုံးသူကိန်းဂဏန်းထက် ပိုများသည့်၊ မတူညီသည့် ကိန်းဂဏန်းများ ထုတ်ဖော်သည့် လူပုဂ္ဂိုလ်များနှင့် သတင်းဌာနများကို ဥပဒေအရ အရေးယူမည်ဟု ခြိမ်းခြောက်ခဲ့ခြင်းနှင့်အတူ နောက်ထပ် မှတ်တမ်းတင်မှုတို့ကို အဟန့်အတားဖြစ်စေခဲ့သည်။  မိုခါမုန်တိုင်းကြောင့် လူ ၁၄၈ ဦး အသက်ဆုံးရှုံးခဲ့ကြောင်း စစ်တပ်က ပြောခဲ့သည် ဖြစ်ရာ ယင်းသည် ရိုဟင်ဂျာ အစုအဖွဲ့ ထိခိုက်ခံစားရသည့် အချိုးအစား မမျှသော ထိခိုက်မှုတို့ကို ရှင်းရှင်းလင်းလင်း ပြသနေသည်။

အဆိုပါ ဝမ်းနည်းစရာ ဖြစ်ရပ်များကို အဓိက အကြောင်းခံစေသည့် အရာများက ရိုဟင်ဂျာ ၁၅၀,၀၀၀ ကျော်အတွက် စခန်းများတွင် ပိတ်လှောင်ခံရမှုဆိုင်ရာ မကြာခဏပေါ်ပေါက်သော အခြေအနေများပင် ဖြစ်သည်။ အဆိုပါ ရိုဟင်ဂျာများအနက် အများစုသည် ပင်လယ်အနီးအနား သို့မဟုတ် ရေကြီးမှု ဖြစ်နိုင်သည့် အနိမ့်ပိုင်း ဧရိယာများတွင် ခနော်နီခနော်နဲ့ အိမ်များဖြင့် နေထိုင်နေခဲ့ကြရပြီး ၎င်းတို့သည် ဘေးလွတ်ရာ ရွှေ့ပြောင်းမှုဆိုင်ရာ ရွေးချယ်စရာများ ရရှိနိုင်မှု နည်းပါးခဲ့သလို သတင်းအချက်အလက်နှင့် ကြိုတင် သတိပေးချက်များ လုံလုံလောက်လောက် ရရှိခြင်း မရှိပေ။ ရိုဟင်ဂျာတို့အတွက် ဘေးကင်းခိုလှုံရာနေရာ ရှာရန်အတွက် လွတ်လွတ်လပ်လပ် သွားလာရန် မဖြစ်နိုင်ခဲ့ဟု တချို့က ပြောသည်။ တချို့ကလည်း စစ်တပ်အပေါ် အယုံအကြည် မရှိမှုကြောင့် သတိပေးချက်များကို ဂရုပြုခဲ့ခြင်း မရှိပေ။

လူသားချင်းစာနာမှု ဝင်လမ်းကို စစ်တပ်က ငြင်းဆန်ပိတ်ဆို့ခြင်းကြောင့် အသက်ကယ် ဆေးဝါး အကူအညီနှင့် ကုသမှုများ၊ အမိုးအကာ ပစ္စည်းများ၊ အစားအစာနှင့် သန့်ရှင်းသော ရေ ထောက်ပံ့မှုအပေါ် တားဆီးပိတ်ဆို့စေခဲ့သည်။ လူသားချင်းစာနာမှု ဝင်လမ်းအပေါ် ကန့်သတ်မှုများက ရိုဟင်ဂျာများနှင့် ရခိုင်ပြည်နယ်ရှိ အစုအဖွဲ့အားလုံးအပေါ် သက်ရောက်ထိခိုက်စေသည်။ ရိုဟင်ဂျာ အစုအဖွဲ့၏ မူလကတည်းက ဆိုးဝါးသည့် နေထိုင်မှု အခြေအနေများနှင့်အတူ အကူအညီပေးမှုအပေါ် စစ်တပ်၏ ငြင်းဆန်ပိတ်ပင်သည့် လုပ်ရပ်များက ၎င်းတို့၏ ရှင်သန်ရပ်တည်မှုအပေါ် ကြီးလေးသည့် ခြိမ်းခြောက်မှုတခု ဖြစ်စေသည်။ ထိခိုက်ခံစားရသူများသည် ၎င်းတို့၏ ကလေးများကို နေ့စဉ် ကျွေးမွေးနိုင်ခြင်း မရှိဘဲ ဖြစ်ရပြီး လင်ယောကျ်ား ဆုံးပါးသွားသည့် အမျိုးသမီးများသည် အစားအစာအတွက် မတတ်သာဘဲ တောင်းရမ်းစားသောက်ကြရသည်ဖြစ်ရာ အမြတ်ထုတ်အသုံးချခြင်းနှင့် စော်ကားမှုတို့၏ အန္တရာယ်များကို ပိုမိုဆိုးဝါးစေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required