မိတ်ဆွေများကို ရန်သူမလုပ်ရေးမူ သတ်မှတ်ထားရမည်ဟု NUG ယာယီသမ္မတ ‌ပြော

By 002 (မဇ္ဈိမ)
20 September 2023
မိတ်ဆွေများကို ရန်သူမလုပ်ရေးမူ သတ်မှတ်ထားရမည်ဟု NUG ယာယီသမ္မတ ‌ပြော

မိတ်ဆွေများကို ရန်သူမလုပ်ရေးမူ သတ်မှတ်ထားရမည်ဟု NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်/ ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ရေးကော်မရှင် အစည်းအဝေး (၂ / ၂၀၂၃) ၌ ‌ပြောသည်။

 " စစ်ကိုင်းတိုင်းဧရိယာအတွင်းက အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံ ညှိနှိုင်းရေးကို အကောင်အထည်ဖော်တဲ့ အခါမှာ အထူး သတိမူ သင့်တဲ့ အချက်တချို့ကို ပြောချင်ပါတယ်။ အထူးသဖြင့် “မိတ်ဆွေများကို ရန်သူ မလုပ်ရေးမူ” အပေါ်မှာ အခြေခံသင့်တယ်လို့ ယူဆပါတယ်။ ကျွန်တော်တို့ဟာ တော်လှန်ရေး အင်အားစုအသီးသီးရဲ့ အင်အားတွေကို စုစည်းယူရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် မိမိတို့နဲ့ မိတ်ဖက် အစုအဖွဲ့တွေထဲမှာ ရန်သူ အသစ် မမွေးမိဖို့ လိုပါတယ်။ ဒါဟာ အထူး သတိထားရမယ့်ကိစ္စလို့ ယူဆပါတယ်။

ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရဟာ နိုင်ငံရေးသဘောထားကြီးမှုကို ထင်ထင်ရှားရှားပြသရပါလိမ့်မယ်" ဟု ယာယီသမ္မတက ‌ပြောသည်။

စစ်ကိုင်းတိုင်းမှာ နယ်‌မြေဧရိယာကျယ်၀န်းပြီး စစ်အာဏာရှင်ကို အင်အားကောင်းကောင်းဖြင့် တော်လှန်နေသည့် ဒေသဖြစ်သည်ဟု ယာယီသမ္မတက ‌ပြောသည်။

" စစ်ကိုင်းတိုင်းထဲက အင်အားစုအသီးသီးနဲ့ ကျစ်လစ်သော နိုင်ငံရေးညီညွတ်မှုကို ဖော်ဆောင်နိုင်ရေးဟာ နွေဦးတော်လှန်ရေးရဲ့ အရေးပေါ် လုပ်ငန်းစဉ် တစ်ခုလို့ ယူဆပါတယ်" ဟု ၎င်းက‌ပြော သည်။

မြန်မာနိုင်ငံ၏ အရှေ့၊ အနောက်၊ တောင်၊ ‌မြောက်ဒေသများတွင် တိုင်းရင်းသလက်နက်ကိုင်အဖွဲ့များ၏ အခန်းကဏ္ဍများမှာ ကြီးကြီး မားမား ရယူထားနိုင်‌ကြောင်း၊ KNU အဖွဲ့အစည်းနှင့် တွေ့ဆုံရာ တွင်လည်း အ‌မြော်အမြင်ကြီးကြီးဖြင့် နိုင်ငံတည်ဆောက်ရေး သဘောထားများကို ဆွေးနွေးရမည်ဟု ယာယီသမ္မတက ‌ပြော သည်။

" ‌နွေဦးတော်လှန်ရေးအတွက် အထူးအလေးထားရမယ့် အဖွဲ့အစည်းကြီးတစ်ခု ဖြစ်သလို၊ အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံသစ် တည်ဆောက်ရေးအတွက်လည်း အရေးပါတဲ့ အဖွဲ့အစည်းကြီးတစ်ခုဖြစ်ပါတယ်။ ဒီလို နားလည်သဘော ‌ပေါက်ပြီး ကျွန်တော်တို့ဟာ ပိုမိုကျစ်လစ်တဲ့ လူမျိုးပေါင်းစုံ အုံကြွမှုကြီးကို ဝိုင်းဝန်းတည့်မတ်ကြဖို့ ဖြစ်ပါတယ်။ နွေဦး ‌တော်လှန်ရေးအတွင်းမှာ မဟာမိတ်ဆက်ဆံရေး ခိုင်မာ ကျစ်လစ် ‌ရေးဟာ အထူးအရေးကြီးတဲ့ ကိစ္စအဖြစ် ပါဝင်နေပါတယ်" ဟု ယာယီသမ္မတက ‌ပြောသည်။

ထို့အပြင် နွေဦးတော်လှန်ရေးတွင် တော်လှန်ရေးအင်အားစုများ၏ အခြေခံ ပဋိညာဉ်မူဘောင်ဖြစ်သည့် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် အပိုင်း ၁ နှင့် ၂ ကို ဆုံချက်ထားလုပ်ဆောင်ကြရန် တိုက်တွန်း လို‌ကြောင်း၊ သက်ဆိုင်ရာ ပြည်နယ်အလိုက် / သက်ဆိုင်ရာ လူမျိုးစုအလိုက် ရည်မှန်းထားသည့် အမျိုးသားရေး ဦးတည်ချက် များနှင့် ဖီလာဆန့်ကျင်ဘက် ဖြစ်မ‌နေရန် အထူးသတိပြု ရှောင်ရှား ကြရန်လို‌ကြောင်း ယာယီသမ္မတက သတိပေးသည်။

" အမျိုးသားညီညွတ်ရေးအစိုးရဟာ တော်လှန်ရေးတပ်ဦးနေရာ ကနေ ဦးဆောင်ပဲ့ကိုင်သူတွေ ဖြစ်ပေမယ့် လူထုရဲ့ အခန်းကဏ္ဍကို ဘယ်သောအခါမှ မမေ့ပျောက်ကြဖို့လိုကြောင်း ပြောချင်ပါတယ်။ ဒါ့အပြင် ပြည်သူလူထုရဲ့ နေ့စဉ်ဘဝကို ကိုယ်ချင်းစာနာစိတ်နဲ့ (လူထုအပေါ် ရေလို ကျင့် / ရန်သူ စစ်ကောင်စီအပေါ်ကို မီးလိုကျင့်) ပြီး တော်လှန်ရေးအောင်ပွဲကို အမြန် ရယူကြဖို့ တိုက်တွန်းပါတယ် " ဟု ယာယီသမ္မတ ဒူဝါလရှီးလက ‌ပြောသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly