ရိုးရာပဲပြားလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးလာရန် အသင်းအဖွဲ့ ဖွဲ့ကာစုပေါင်းဆောင်ရွက်

ရိုးရာပဲပြားလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးလာရန် အသင်းအဖွဲ့ ဖွဲ့ကာစုပေါင်းဆောင်ရွက်
ဓာတ်ပုံ-ရူပါအောင်ဝင်း

ရန်ကုန်၊ဧပြီ ၈ ။           ။ မြန်မာနိုင်ငံရှိ ပဲပုပ်ပဲထုတ်လုပ်မှုမှ ထင်သာမြင်သာရှိသည့် ပမာဏကိုအသုံးပြု ကာ ထုတ်လုပ်နေသော ရိုးရာပဲပြားထုတ်လုပ်သည့် လုပ်ငန်းများဈေးကွက် ကျဆင်းလာနေသည့်အတွက် ပိုမိုဖွံ့ဖြိုးလာစေရန် ရည်ရွယ်ပြီးပဲပုပ်စားသောက်ကုန်အဖွဲ့ ကိုဖွဲ့စည်းဆောင်ရွက်နေကြောင်း စိုက်ပျိုးရေးလုပ်ငန်းများအကူအညီပေးနေသည့် အမေရိကန်အခြေစိုက် INGO Winrock International မှသိရသည်။

ရိုးရာပဲပြားလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကြိုက်နှစ်သက်သော အရည်အသွေးကိုဈေးကွက်သို့အချိန်မှီပို့ဆောင်ရာတွင် ဖော်မလင်ကဲ့သို့ တားမြစ်ထားသည့်ထပ်ဖြည့်ပစ္စည်းများကြောင့် လုပ်ငန်းရပ်နားထားရသကဲ့သို့ လျှော့ချထုတ်လုပ် ရခြင်းများလည်းရှိလာကြောင်းသိရသည်။

မြန်မာတစ်ပြည်လုံးတွင် ဆိုင်ခွဲပေါင်း ၁၅၆ ဆိုင်ဖွင့်ထားသည့် စီးတီးမတ်ဆိုင်များတွင် ရိုးရာအတိုင်းထုတ်လုပ် သောပဲပြားများရောင်းအား ကျဆင်းလာပြီး အကြောင်းရင်းကို  လေ့လာ ဆန်းစစ်ထားခြင်းနှင့် ပတ်သက်ပြီး စီးတီးမတ်ကုမ္ပဏီမှ မန်နေဂျာဒေါ်လှလှနှင်းက'' စားသုံးသူတွေရဲ့လက်ထဲကိုအရည်အသွေးတွေအပြည့်အဝမလုပ်နိုင်တဲ့အတွက် ရိုးရာပဲပြားရဲ့   ရောင်းအားကကျဆင်းလာနေတယ်”ဟုပြောသည်။

စီးတီးမတ်ဆိုင်များတွင် ၂၀၁၄ခုနှစ်၊ဖေဖော်ဝါရီလမှ ၂၀၁၅ ခုနှစ် ဖော်ဖော် ဝါရီလအတွင်း ပဲပြားရောင်းချရမှှုအခုရေ ၂၄၀၀၀ ကျော်ရှိခဲ့ပြီး ၂၀၁၅ ခုနှစ်မှ ၂၀၁၆ ခုနှစ်၊ဖေဖော်ဝါရီလအထိ ကိုပဲပြားရောင်းချရမှု ၂၁၀၀၀ခု ကျော်ကျဆင်းခဲ့သည်ဟုသိရသည်။

'' ဘယ်လိုဆက်ဆောင်ရွက်မလဲဆိုတာသူတို့ဘက်ကအကြံပြုတင်ပြချက်ပေ့ါ၊ ဘယ်လိုအခက်အခဲတွေရှိတယ်။ ဘယ်လိုတော့လုပ်ချင်တယ်။ ဒါကြောင့်မို့လို့အစုအဖွဲ့လေးဖွဲ့တာပါ။ ဒီအတိုင်းကျတော့ ဝင်းရော့ခ်အနေနဲ့ချည်း ပဲကျတော့မလုပ်နိုင်ဘူး။ သူတို့တွေအတူတူပါဝင်လာမှ ဝင်းရော့ခ်ကပံ့ပိုးသူအဖြစ်ဆက်လက်စီစဉ်ဆောင်ရွက် သွားမယ် '' ဟုWinrock International မှ Value Chain and Rural Developement ကျွမ်းကျင်သူ ဒေါ်သိန်းသိန်းအောင်ကပြောသည်။

လက်ရှိဖွဲ့စည်းထားပြီးဖြစ်သည့် ပဲပုပ်စားသောက်ကုန်အဖွဲ့တွင် ရန်ကုန်၊ မော်လမြိုင်၊ မန္တလေး၊ တောင်ငူစသည့်ဒေသများမှ ပဲပြားထုတ်လုပ်သူများ၊ ရောင်းဝယ်သူများကိုကိုယ်စားပြုသောအဖွဲ့အစည်း အဖြစ်ဖွဲ့စည်းထားခြင်းဖြစ် ကြောင်းသိရသည်။

“ပဲပြားအသင်းဖွဲ့ဖို့ကလိုအပ်ချက်တွေရှိတယ်၊ ပြုပြင်ပြောင်းလဲရမှာတွေအများကြီးရှိတယ်။ ဒီဟာတွေအပေါ် မှာ မြန်မာတစ်နိုင်ငံလုံးကိုကိုယ်စားပြုနိုင်တဲ့ သူတို့ ရဲ့လိုအပ်ချက်တွေပြောင်းလဲရမယ့် ဟာတွေရှိတယ်။ ရိုးရာပဲပြားဈေးကွက် ပြန်ပြီးမြင့်တက်လာတယ်ဆိုတဲ့ခြေလှမ်းတစ်ခုအထိထိုးဖောက်သွားနိုင်အောင်လို့ရည်ရွယ်တာပေါ့။ Winrock International ကလိုအပ်တဲ့ နည်းပညာတွေပေးသွားမယ်။ တစ်ချို့မြှင့်တင်စရာလိုတဲ့ကဏ္ဍတွေမှာပါဝင် ပူးပေါင်းဆောင်ရွက်သွားမယ် ''ဟုWinrock International မှ Senior private sector liaison Advisor ဖြစ်သူ ကိုငြိမ်းချမ်းကပြောသည်။

၎င်းအစီအစဉ်တွင် ရှမ်းပြည်တောင်ပိုင်းရှိပဲပုပ်ထုတ်လုပ်သူတောင်သူများအား အထွက်ကောင်းပဲပုပ်မျိုး ၄မျိုးကို စိုက်ပျိုးစေပြီးတစ်ဧက အထွက်နှုန်းတိုးလာစေရန် စိုက်ပျိုးနည်းပညာများအား   ဖြန့် ဖြူးပေးခဲ့ကြောင်းသိရသည်။

ရှမ်းပြည်နယ်မှ စိုက်ပျိုးထွက်ရှိလာသောပဲပုပ်ပဲများမှ ၃၀ ရာခိုင်နှုန်းကိုဆီနှင့် တိရစ္ဆာန်အစာအဖြစ်လည်းကောင်း၊ ၁၀ ရာခိုင်နှုန်းကိုရိုးရာအစားအစာများအဖြစ်ပြန်လည်အသုံးပြုပြီးကျန် ၆၀ ရာခိုင်နှုန်းမှာဒေသအသီးသီးရှိပဲပြားလုပ်ငန်းရှင်များမှ အသုံးပြုခြင်းဖြစ်ကြောင်းသိရသည်။

ပဲပြားဈေးကွက်အခြေအနေနဲ့ ပတ်သက်ပြီးအမရပူရမြို့နယ်မှ ကိုပိုင်စိုးက "ဈေးကွက်ကတော့ပုံမှန်ပါပဲ၊ အရင်တုန်းကတော့ တစ်ခဲ ၁၀၀ကျပ်နဲ့ရောင်းတယ်။ခုနောက်ပိုင်းတစ်ခြားဈေးသည်တွေ ဝင်လာတော့ ၇၅ ကျပ်၊ ၈၀ ကျပ် ဖြစ်သွားတယ်၊အခုပြသနာဖြစ်နေတော့ ၁၀ အိတ်လောက်ပဲသုံးနိုင်တယ်။ ပြသနာကFDA နဲ့ ဖော်မလင်သုံးတယ် ဆိုပြီးပြသနာဖြစ်နေတယ်။”ဟုပြောသည်။

ကိုရီးယားစတိုင်လ်ထုတ်လုပ်ထားသည့် Luck ပဲပြားထုတ်လုပ်သူကိုမျိုးမင်းအောင်က'' ဈေးကွက်ကရှေ့လျောက် တက်မယ်လို့မြင်ပါတယ်။ စားတဲ့သူတွေကအရည်သွေးကောင်းတာကိုရွေးစားလာတယ်လေ။ ထုတ်လုပ်မှုစရိတ်နဲ့ ပြန်ရငွေကလောလောဆယ်တော့ပုံမှန်ပါပဲ၊ အမြတ်တော့အရမ်းကြီးတက်မလာဘူးပေါ့။ ''ဟုပြောသည်။

အစာအဟာရတန်ဖိုးမြင့်မားစွာပါဝင်သည့်ထောက်ခံချက်ဖြင့် သုတေသနပြုမှုပေါင်းတစ်ထောင်ကျော်ပြုလုပ်ထားသည့် ပဲပြားလုပ်ငန်းများဖွံ့ဖြိုးလာရန် အသိပညာပေးသည့် လုပ်ငန်းစဉ်များအပါအဝင် ရေရှည်တည်တံ့ပြီးခိုင်မာသော လုပ်ငန်းများဖြစ်လာစေရန်ဆက်လက်ကူညီပေးသွားမည်ဖြစ်ကြောင်းWinrock International က ပြောဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required