ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့ အခမ်းအနား ကျင်းပ

By ဂျူချန်း (မဇ္ဈိမ)
09 August 2023
ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့ အခမ်းအနား ကျင်းပ
ဓါတ်ပုံ-KnIC ပုံစာ-၇၅ နှစ်မြောက် ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့ အခမ်းအနား

ယနေ့ ဩဂုတ်လ ၉ ရက်နေ့တွင်ကျရောက်သည့် ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့ အခမ်းအနားကို နယ်စပ်တစ်နေရာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ (KnIC) မှ ဖော်ပြထားသည်။

၎င်းအခမ်းအနားသို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ(KSCC)၊ ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ (KnIC) တို့မှ သဝဏ်လွှာများ ပေးပို့ခဲ့ကြသည်။

signal-2023-08-09-133641_003.jpg

ဓါတ်ပုံ-KnIC, ပုံစာ-၇၅ နှစ်မြောက် ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့ အခမ်းအနား

“တိုင်းရင်းသားပြည်သူများအတွက် အာမခံချက်မရှိမခြင်း မိမိတို့ကရင်နီအမျိုးသားခုခံတော်လှန်ရေးတာဝန်တွေ ပြီးဆုံးသွားမှာ မဟုတ်ဘဲ ဆက်လက်တွန်းလှန်တိုက်ထုတ်သွားရမည်” ဟု ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ (KnIC) ၏ ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့ ဂုဏ်ပြု သဝဏ်လွှာတွင် ဖော်ပြထားသည်။

အမျိုးသားခုခံတော်လှန်ရေးတိုက်ပွဲသည် လက်ရှိအချိန်အထိ မပြီးဆုံးသေးဘဲ အာဏာရှင်စနစ်မှန်သမျှချုပ်ငြိမ်းနိုင်ရေး၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရရှိရေး၊ ဒီမိုကရေစီရေး၊ ပြန်လည်တည်ထောင်ရေးတို့အတွက် ကရင်နီပြည်နယ်ရှိ တော်လှန်ရေးအလွှာအသီးသီးမှ ဆက်လက်တိုက်ပွဲဝင်ရန်လိုအပ်ကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ မှ ထုတ်ပြန်သည်။

signal-2023-08-09-133641_004.jpg

ဓါတ်ပုံ-KnIC, ပုံစာ-၇၅ နှစ်မြောက် ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့ အခမ်းအနား

အလားတူ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်တပ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် နွေဦးတော်လှန်ရေးတွင် တစ်နိုင်ငံလုံးနည်းတူ ကရင်နီအမျိုးသားများသည်လည်း စစ်အာဏာရှင်ကို ခုခံတော်လှန်လျက်ရှိပြီး စစ်မှန်သည့် ဖက်ဒရယ်ဒီမိုကရေစီရရှိသည်အထိ ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ(KSCC) မှ ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့အတွက် ပေးပို့သော သဝဏ်လွှာတွင် ဖော်ပြထားသည်။

signal-2023-08-09-133641_006.jpg

ဓါတ်ပုံ-KnIC, ပုံစာ-၇၅ နှစ်မြောက် ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့ အခမ်းအနား

ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့သည် လွတ်လပ်ရေးရပြီးနောက် ၁၉၄၈ ဩဂုတ်လ ၉ ရက်နေ့တွင် ဖဆပလ အစိုးရမှ သီးခြားလွတ်လပ်ခဲ့သည့် ကရင်နီပြည်နယ်ရှိ ကရင်နီအမျိုးသားအစည်းအရုံးဌာနချုပ်ရှိရာ မန်းလား(မြလဲ) ရွာအား လာရောက်တိုက်ခိုက်ခဲ့ရာမှ ကရင်နီတစ်မျိုးသားလုံး ပြန်လည် ခုခံတော်လှန်ခဲ့ကြသဖြင့် ထိုနေ့ကို ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့ဟု သတ်မှတ်ခဲ့ကြသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required