"ပြည်သူ့ဘက်သား ရင်တွင်းစကား" အစီအစဉ် Episode 11

"ပြည်သူ့ဘက်သား ရင်တွင်းစကား" အစီအစဉ် Episode 11

"ပြည်သူ့ဘက်သား ရင်တွင်းစကား" အစီအစဉ် ကို အပတ်စဥ် တနင်္ဂနွေနေ့၊ ညနေ (၆)နာရီတိုင်းတွင် PVTV နှင့် ကာကွယ်ရေးဝန်ကြီးဌာန၏ လူမှုကွန်ရက် စာမျက်နှာများအပြင် လွတ်လပ်သော သတင်းမီဒီယာများတွင်လည်း စောင့်မျှော်နားဆင်နိုင်ပါပြီ။ 

ဒီတပတ် "ပြည်သူ့ဘက်သား ရင်တွင်းစကား" အစီအစဉ် Season - 1 ရဲ့ နောက်ဆုံး Episode မှာ နားဆင်ရမှာကတော့ (CDM - စစ်သား) တဖြစ်လဲ ကဗျာဆရာတစ်ဦးဖြစ်တဲ့ ဂနိုက် ပြောပြတဲ့ ပြည်သူ့ရင်ခွင်နဲ့ ပတ်သက်တဲ့ အတွေ့အကြုံတွေ၊ ခံယူချက်တွေနဲ့ သူ့ရဲ့ ကဗျာရွတ်ဆိုမှုကို နားဆင်ရမှာ ဖြစ်ပါတယ်။

❝ငါတို့ပြန်ဆုံတဲ့အခါ❝

ငါတို့ပြန်ဆုံတဲ့အခါ
စစ်ဖိနပ်အောက်ကအဖိနှိပ်ခံရက်စွဲတွေကို
ကဗျာတွေထဲထည့်ရွတ်မယ် 
ဒုက္ခတသီကြီးကို ဟားတိုက်(ရီ)ရယ်မောပစ်မယ်။

ငါတို့ပြန်ဆုံတဲ့အခါ
ညခင်း ဂစ်တာဝိုင်းတွေပြန်လုပ်မယ်
ခြတက်နေတဲ့စာကြည့်တိုက်တွေက
အသိတရားတွေကိုရိုက်ချိုး မယ် ။

ငါတို့ပြန်ဆုံတဲ့အခါ
အရက်ဖြူဆိုင်တွေလိုက်ရှာမယ်
ကဗျာစာအုပ်အဟောင်းတွေရှာဝယ်မယ်
ပြည်တွင်းဖြစ်ကို အားပေးရမယ်။

ငါတို့တတွေပြန်ဆုံတဲ့အခါ 
ကျဆုံးသွားတဲ့ဘော်ဒါရဲဘော်အပေါင်းကို
နေ့တိုင်းအလေးနီပြုမယ်
သူတို့အမည်နာမကို ရင်ဘတ်မှာတတ်တူးသွားထိုးမယ်။

ငါတို့ပြန်ဆုံတဲ့အခါ
အမျိုးသမီးတွေကိုလေးလေးစားစား
ဆက်ဆံရမယ်၊အိမ်နောက်ဖေးမျက်ကွယ်က
အယူအဆတွေကို ကန်ချိုးပစ်ရမယ် ။

ငါတို့ဘယ်အချိန်ချိန်ဖြစ်ဖြစ်
ပြန်ဆုံကြတဲ့အခါ အပြုံးနဲ့ကြိုဆိုရမယ်
မေတ္တာတရားနဲ့လက်ဆွဲနှုတ်ဆက်ပြီး
အရက်ဆိုင်မှာလဲတဝိုင်းတည်းထိုင်ကြမယ်။

ငါတို့ပြန်ဆုံတဲ့အခါ
စစ်အာဏာရှင်ကိုနောင်ကျဥ်နေစေရမယ်
"အာဏာရှင်ဟာ ဒီလိုကွ" ဆိုပြီး
နှောင်းလူတွေကို စကားလုံးအဖြစ်သာပြသနိုင်ရမယ်။

ငါတို့ အိမ်ပြန်ချိန်ဟာ ဘယ်လောက်ဝေးဝေး
ငါတို့ရင်ဘတ်တွေမှာနှင်းရည်စက်တွေတွဲလွဲခိုလို့
ငါတို့အိမ်တံစက်မြိတ်မှာ အာဏာရှင်အလိုမရှိဆိုင်းဘုတ်
ငါတို့ရင်ထဲမှာ စွဲနေတဲ့စစ်ဖိနပ်ရာ
ငါတို့မျက်လုံးထဲက နာကျည်းမှုမျိုး
ငါတို့ပြန်ဆုံတဲ့အခါ ။

ငါတို့ပြန်ဆုံတဲ့အခါ 
လူတန်းစားသာတူညီမျှအရေးကနေ
အလုပ်သမားထုဆီကခေါင်းပုံဖျက် ချွေးစက်တွေကို
ချနင်းထားတဲ့ ဆောက်တလွဲမှန်ကန်ခြင်းတွေကို
ထပ်တော်လှန်ရင်တော်လှန်ရလိမ့်မယ် ။

နာကျင်နေ့ရက်တွေအလွန်ကျရင်တော့
သိမ်းစွန်ငှက်တို့အပြန်လမ်းကဗျာ*ကို
အာဘောင်းအာရင်းသန်သန်ရွတ်မယ်
ဆယ်လ်မွန်ငါးတို့အပြန်သီချင်း*ကို
ကျယ်ကျယ်လောင်လောင်ဆိုမယ် 
အိမ်ပြန်ဖို့ကိုယ့်လက်ကိုရွက်လိုဖွင့်
တလွင့်လွင့် အိမ်ပြန်ကြမယ် ။

မင်းတို့ငါတို့ပြန်ဆုံကြတဲ့အခါ
ရယ်သံတွေကျယ်လောင်နေရမယ် ။
ငါတို့တရက်ရက်ပြန်ဆုံကြရမှာ ... ။

■ ဂနိုက်
ဂျွန် ၂ဝ၂၃

*သိမ်းစွန်ဌက်အပြန်လမ်း* ကဗျာဆရာပိုင်စိုးဝေ၏ နာမည်ကျော် ကဗျာတပုဒ်ဖြစ်သည်။

*ဆယ်လ်မွန်ငါးတို့အပြန်* တေးရေးဆရာ/တေးဆို ခင်ဝမ်း၏ နာမည်ကျော် တေးသီချင်း တပုဒ် ဖြစ်သည်။

အပတ်စဉ် တင်ဆက်နေကြ "ပြည်သူ့ဘက်သား ရင်တွင်းစကား" အစီအစဥ်ကို စောင့်မျှော်နားဆင်ပေးခဲ့ကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly