ရွှေဘိုတွင် စစ်ကြောင်းထိုးရန် ထွက်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်း ဒရုန်းဖြင့် တိုက်ခိုက်ခံရ၊ အထိအခိုက်မသိရသေး 

By ရောင်နီ (မဇ္စျိမ)
31 May 2023
ရွှေဘိုတွင် စစ်ကြောင်းထိုးရန် ထွက်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်း ဒရုန်းဖြင့် တိုက်ခိုက်ခံရ၊ အထိအခိုက်မသိရသေး 

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်တွင်  စစ်ကြောင်းထိုးရန်ထွက်လာသည့် စစ်ကောင်စီတပ်ကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း Black Wolf Army တပ်ဖွဲ့တာ၀န်ရှိသူက မဇ္စျိမကို ပြောသည်။ 

 ယမန်နေ့ မေလ ၃၀ ရက်၊ ညနေ ၆ နာရီခွဲ၀န်းကျင်အချိန်က ရွေဘိုခရိုင်၊ ကျောက်မြောင်းမြို့နယ်၊ ဆယ့်သုံးမိုင်ကျေးရွာမှ စစ်ကြောင်းထိုးရန် ထွက်ခွာလာသည့် အင်အား ၅၀ ခန့်ပါ စစ်ကောင်စီတပ်ကို ၀က်လက်မြို့နယ်၊ စခန်းသာကျေးရွာအရောက်တွင် ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ 

“ အင်အား ၅၀ လောက်နဲ့ စစ်ကြောင်းထိုးဖို့ ထွက်လာတဲ့ စစ်ကောင်စီတပ်ကို ၀က်လက် စခန်းသာ ကျေးရွာအရောက်မှာ ဒရုန်း တိုက်ခိုက်ခဲ့တာပါ။ ဗုံးသီး ခုနစ်လုံးချပြီး တိုက်ခိုက်တာ ဖြစ်ပါတယ် ” ဟု Black Wolf Army တပ်ဖွဲ့တာ၀န်ရှိသူက မဇ္စျိမကို ပြောသည်။ 

ဗုံးသီးချ တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့၀င်များ ထိခိုက်မှုရှိနိုင်သော်လည်း အသေးစိတ်ကို အတည်မပြုနိုင်သေးကြောင်း ၄င်းက ဆိုသည်။ 

ထို့အပြင် မေလ ၂၈ ရက်နေ့ကလည်း ၀က်လက်မြို့နယ်၊ ဟန်လင်းကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ရာ ထိခိုက်ပျက်စီးမှုများ ရှိခဲ့ကြောင်း သိရသည်။ 

“ ၀က်လက်နယ်၊ ဟန်လင်းရွာမှာ တပ်စွဲတဲ့ စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ ဗုံးသီးလေးလုံးချ တိုက်ခိုက်ခဲ့တာမှာ သူတို့ရဲ့ နေရာတချို့ပျက်စီးပြီး ဘန်ကာတစ်ခု ပွင့်ထွက်သွားတယ်။” ဟု Black Wolf Army တာ၀န်ရှိသူက ဆက်ပြောသည်။ 

တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်စွဲထားသည့်နေရာထိခိုက်ပျက်စီးမှုများ အပြင် တပ်သား လေးဦးလည်း ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ 

ယင်းအပြင် မေလ ၁၆ ရက် ရက်နေ့ကလည်း ရွှေဘို-ကျောက်မြောင်းလမ်းပိုင်းတွင် စစ်ကြောင်းထွက်လာသည့် စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ် သုံးဦးသေဆုံးခဲ့ကြောင်းလည်း Black Wolf Army က သတင်းထုတ်ပြန်ထားသည်။ 

အဆိုပါ တိုက်ခိုက်မှုများကို Black Wolf Army တပ်ဖွဲ့ နှင့်အတူ Who Am I Army၊ ပြည်သူ့အစေခံတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

ကာကွယ်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ၏ တိုက်ခိုက်မှုများတွင် စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှု အခြေအနေနှင့် ပတ်သက်ပြီး သီးခြားအတည်ပြုချက်ရယူနိုင်ရန် မဇ္စျိမအနေဖြင့် ဆက်လက်စုံစမ်းလျက်ရှိသည်။ 

ရွှေဘိုခရိုင်အတွင်း အခြေစိုက်ကာ စစ်ကောင်စီတပ်ကို တိုက်ခိုက်မှုများ ပြုလုပ်နေသည့် Black Wolf Army က “ နွေပူအညာမဲ ဝံပုလွေအောင်ပွဲ" အမည်ဖြင့် ကမ်ပိန်းတစ်ခုကိုလည်း ပြုလုပ်နေသည်။

အဆိုပါ ကမ်ပိန်းမှ မဲလက်မှတ်တစ်စောင်ကို မြန်မာကျပ်ငွေ တစ်သောင်းခွဲဖြင့် ၀ယ်ယူနိုင်မည်ဖြစ်ပြီး ရရှိလာသည့် အလှူငွေများအား စစ်လက်နက်၀ယ်ယူ ဖြည့်တင်းရာတွင် အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။ 

“ "နွေပူအညာက ဝံပုလွေစနိုက်ပါ" ရက် ၃၀ Campaign ကတော့ မအောင်မြင်ခဲ့ပါဘူး။ အခု ထပ်လုပ်မယ့် ကမ်ပိန်းတော့ အောင်မြင်ဖို့ မျှော်လင့်ပါတယ်။ ပြည်သူတွေ ပါ၀င်လှုဒါန်းပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု တပ်ဖွဲ့ တာ၀န်ရှိသူက ပြောသည်။ 

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနီးတ၀ိုက်ရှိ ကျေးရွာများကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ၀င်ရောက်ကာ မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်နေပြီး ဖမ်းဆီးခံရမှုများလည်း ရှိနေကြောင်း ဒေသခံများက ပြောသည်။ 

ထိုသို့ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ကို Black Wolf Army နှင့် ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များက မေလ ၁ ရက်နေ့မှ မေလ ၃၀ ရက်နေ့အထိ တိုက်ခိုက်မှုအကြိမ် ၂၀ ကျော် ပြုလုပ်ခဲ့ကြောင်း မဇ္စျိမကို ပြောကြားထားသည်။

စာတည်း။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly