ကား ၃ စီးပါ စစ်ကောင်စီတပ်ယာဥ်တန်းကို ပဒေသာမိုင်းဖြင့် တိုက်ခိုက်မှု ၂ ဦး သေဆုံးဟုဆို

By ရောင်နီ (မဇ္ဈိမ)
30 May 2023
ကား ၃ စီးပါ စစ်ကောင်စီတပ်ယာဥ်တန်းကို ပဒေသာမိုင်းဖြင့် တိုက်ခိုက်မှု ၂ ဦး သေဆုံးဟုဆို

မန္တလေးတိုင်း၊ တံတားဦးခရိုင်၊ ငါန်းဇွန်မြို့နယ်အတွင်း ဖြတ်သန်းမောင်းနှင်လာသည့် စစ်ကောင်စီတပ်ယာဥ်တန်းကို ပဒေသာမိုင်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ နှစ်ဦးသေဆုံးကြောင်း မြစ်ငယ် PDF တာ၀န်ရှိသူက မဇ္စျိမကို ပြောသည်။

စစ်ကောင်စီတပ်မှ ကားသုံးစီးနှင့် အင်အား ၄၀ ခန့်ပါ ယာဥ်တန်းသည် မေလ ၂၇ ရက်နေ့ ညပိုင်းအချိန်က ငါန်းဇွန်းမြို့နယ်၊ ကုန်းလည်ကျေးရွာမှ နတ်ကြီးရွာသို့ ဦးတည်မောင်းနှင်လာခြင်း ဖြစ်သည်။

အဆိုပါ ယာဥ်တန်းကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ရွာနှစ်ရွာကြားအရောက်တွင် နေရာနှစ်နေရာခွဲကာ ပဒေသာမိုင်း ၁၅ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ ဖောကားတစ်စီး၊ ထွေလာတစ်စီး၊ ဟိုက်ဂျက်တစ်စီး၊ စုစုပေါင်းကားသုံးစီးနဲ့ အင်အား ၄၀ ၀န်းကျင်ပါတဲ့ ယာဥ်တန်းကို ရွာနှစ်ရွာကြားမှာ မိုင်းဆွဲတိုက်ခိုက်တာဖြစ်ပါတယ်။ ဖရဲသီး သတင်းပေးပို့ချက်အရ နှစ်ယောက်သေသွားတယ်လို့ ပြောပါတယ်” ဟု Myitnge PDF MN တာ၀န်ရှိသူက မဇ္စျိမကို ပြောသည်။

စစ်ကောင်စီတပ်ယာဥ်တန်းကို ပဒေသာမိုင်းဖြင့် တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့၀င် နှစ်ဦး သေဆုံးခဲ့ကာ ထိခိုက်ရရှိသူများလည်း ရှိပြီး လူဦးရေအတိအကျကို မသိရသေးကြောင်း ကာကွယ်ရေးတပ်ဖွဲ့ ကဆိုသည်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုနှင့် ပတ်သက်ပြီး သီးခြားအတည်ပြုချက်ရရှိနိုင်ရန် မဇ္စျိမအနေဖြင့် ဆက်လက်စုံစမ်းလျက်ရှိသည်။

အဆိုပါ တိုက်ခိုက်မှုကို မန္တလေးခရိုင် အမှတ် (၅) တပ်ရင်း MN PDF အပါအ၀င် ကာကွယ်ရေးတပ်ဖွဲ့ ၁၀ ဖွဲ့ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

“ ကျွန်တော်တို့ တော်လှန်ရေးတပ်ဖွဲ့တွေက အကြမ်းဖက်စစ်ကောင်စီတပ်ကို အမြစ်ပြတ်ဖြိုချနေပါတယ်။ ပြည်သူတွေကလည်း စစ်တပ်ထုတ်ကုန်တွေကို မသုံးစွဲဖို့နဲ့ တော်လှန်ရေးမှာ တတ်နိုင်တဲ့ဘက်က ပါ၀င်ကြဖို့တိုက်တွန်းချင်ပါတယ်။ “ ဟု Myitnge PDF MN တာ၀န်ရှိသူက ဆိုသည်။

စစ်ကိုင်းတိုင်းအတွင်း စစ်ကြောင်းထိုးမှုများ လုပ်ဆောင်နေသည့် စစ်ကောင်စီတပ်ကို အင်အားဖြည့်တင်းရန် လာရောက်သည့် ယာဥ်တန်းများသည် ငါန်းဇွန်မြို့နယ်ကို မကြာခဏ ဖြတ်သန်းလေ့ရှိကြောင်း ဒေသခံများက ပြောသည်။

ထိုသို့ ဖြတ်သန်းသည့် စစ်ကောင်စီတပ်ယာဥ်တန်းများကို ကာကွယ်ရေးတပ်ဖွဲ့များက မကြာခဏမိုင်းဆွဲတိုက်ခိုက်မှုများ ပြုလုပ်နေသည်။

လက်ရှိအချိန်တွင်လည်း စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် ကုလားရွာကြီးတွင် စစ်ကောင်စီတပ်က တပ်စွဲထားမှုများ ရှိနေပြီး၊ မြောင်မြို့နယ်အတွင်းရှိ ကျေးရွာများတွင်လည်း စစ်ကောင်စီတပ်နှင့် ပျူစောထီးအင်အား ၃၀၀ ခန့်က အပြစ်မဲ့ပြည်သူများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးကာ စစ်ကြောင်းထိုးမှုများ လုပ်ဆောင်နေကြောင်း ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#စစ်ကောင်စီတပ်

#ပျူစောထီး

#ကာကွယ်ရေးတပ်ဖွဲ့

#ငါန်းဇွန်မြို့နယ်

#ပဒေသာမိုင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required