ပီတ လင်ဂျာရွန်ရတ်ရဲ့ စကားကြောင့် စစ်ကောင်စီ သောကများနေပြီလား (ဆောင်းပါး)

By (ဓားရိုင်း) 
30 May 2023
ပီတ လင်ဂျာရွန်ရတ်ရဲ့ စကားကြောင့် စစ်ကောင်စီ သောကများနေပြီလား (ဆောင်းပါး)

ထိုင်းနိုင်ငံရွေးကောက်ပွဲမှာ ဆယ်စုနှစ်တစ်ခုအတွင်း ပထမဆုံးအကြိမ်အဖြစ် အတိုက်အခံပါတီအနိုင်ရပြီးနောက် တော်ဝင်မျိုးနွယ်နဲ့ စစ်တပ်အပေါ် ကြီးမားတဲ့ စိန်ခေါ်မှုတွေဖြစ်လာပါတယ်။ အတိုက်အခံပါတီတွေထဲမှာ မဲအများ ဆုံးနဲ့ အနိုင်ရထားတဲ့ Move Forward Party (MFP)ဟာ စစ်မှုမထမ်းမနေရ ဥပဒေနဲ့ တော်ဝင်မိသားစု ဥပဒေကို ပြင်ဆင်ရေးအပါအဝင် စစ်တပ်နဲ့ ဘုရင်စနစ်ကို ပြုပြင်ပြောင်းလဲမယ့် ကြွေးကြော်သံတွေနဲ့ ထိုင်း မျိုးဆက်သစ် အများအပြားရဲ့ ထောက်ခံမှုကို ရထားခဲ့တာဖြစ်ပါတယ်။ မေ ၁၄ ရက်ကကျင်းပခဲ့တဲ့ ထိုင်းရွေးကောက်ပွဲရလဒ်ကို တရားဝင်မထုတ်ပြန်ရသေးပေမယ့် ရလဒ်တွေအရ Move Forward Party နဲ့ ဖွေထိုင်းပါတီတို့ဟာ အောက်လွှတ် တော်မှာ နှစ်ပါတီပေါင်း နေရာ ၂၉၃ နေရာရထားခဲ့တာပါ။ ကျန်နေရာ ၂၀ ကို ပါရာချာချက်၊ ထိုင်းဆန်ထိုင်း၊ ဆရီရူ အမ်ထိုင်း (ထိုင်းလစ်ဘရယ်)၊ Fair ပါတီ၊ ပလန်ဆန်ခွန်မိုင်(New Force)နဲ့ ပူထိုင်းရမ်ဖလန်ပါတီ တို့ခွဲဝေရရှိထား တာဖြစ်ပါတယ်။ ထိုင်းရွေးကောက်ပွဲကော်မရှင်ရဲ့ အချက်အလက်တွေအရတော့ Move Forward Party  ဟာ တိုက်ရိုက်ရွေးကောက်ပွဲမှာ ၁၁၃ နေရာနဲ့ ပါတီအချိုးကျ ကိုယ်စားပြုမှုအရ ၃၅ နေရာရရှိပြီး စုစုပေါင်း ကိုယ်စား လှယ်နေရာ ၁၄၈ နေရာနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။ ဒုတိယနေရာက ဖွေထိုင်းပါတီကတော့ တိုက်ရိုက် ရွေးကောက်ပွဲမှာ ၁၁၁ နေရာနဲ့ ပါတီအချိုးကျ ကိုယ်စားပြုမှုအရ ၂၇ နေရာရရှိပြီး စုစုပေါင်း ၁၃၈ နေရာရရှိခဲ့တာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံရဲ့အခြေခံဥပဒေအရ ရွေးကောက်ပွဲ အနိုင်ရ အတိုက်အခံ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ဝန်ကြီးချုပ်ဖြစ်လာဖို့ဆိုရင် ညွန့်ပေါင်းအစိုးရတစ်ရပ် ဖွဲ့နိုင်ဖို့လိုအပ်တဲ့အပြင် ထိုင်းတပ်မတော်ကခန့်ထားတဲ့ အထက်လွှတ်တော်အမတ်တွေရဲ့ထောက်ခံမှုလည်း လိုအပ်နေတာပါ။ ၂၀၁၇ ခုနှစ်မှာ အသစ်ပြဋ္ဌာန်းခဲ့တဲ့ ထိုင်း အခြေခံဥပဒေအရ ဝန်ကြီးချုပ်ကို အထက်လွှတ်တော် အမတ် ၂၅၀  နဲ့ အောက်လွှတ်တော် အမတ် ၅၀၀  ပေါင်းပြီး မဲပေးရွေးချယ်ရတာဖြစ်ပါတယ်။ စုစုပေါင်း အမတ်နေရာ ၇၅၀ မှာ အနည်းဆုံး ၃၇၆ မဲရမှ ဝန်ကြီးချုပ်ဖြစ်မယ့် သဘောဖြစ်ပါတယ်။ ဒီတော့ အတိုက်အခံ ခေါင်းဆောင်တစ်ယောက်အနေနဲ့ အောက်လွှတ်တော် အမတ်အများစု ရဲ့ ထောက်ခံမှုရရုံနဲ့ ဝန်ကြီးချုပ် မဖြစ်နိုင်ဘူးဆိုတဲ့ အဓိပ္ပာယ်လည်းဖြစ်ပါတယ်။  

အထက်လွှတ်တော်အမတ်တွေဆိုတာ ရွေးကောက်ခံအမတ်တွေမဟုတ်ဘဲ ထိုင်းတပ်မတော်က ဖွဲ့စည်းပေးတဲ့ အထက်လွှတ်တော်အမတ် ရွေးချယ်ရေး ကော်မတီကရွေးချယ်ပြီး ဘုရင့်အတည်ပြုချက်နဲ့ ခန့်အပ်ထားသူတွေ ဖြစ်ပါတယ်။ အထက်လွှတ်တော် အမတ်တွေ ဟာ နိုင်ငံရေးပါတီတွေနဲ့ ပတ်သက်မှုမရှိတဲ့သူတွေလည်း ဖြစ်ပါ တယ်။ ဒါ့အပြင် ထိုင်းတပ်မတော် စစ်သေနာပတိချုပ်၊ ကြည်းတပ်ဦးစီးချုပ်၊ လေတပ်ဦးစီးချုပ်၊ ရေတပ်ဦးစီးချုပ်၊ ရဲချုပ်နဲ့ ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်တို့ဟာ အလိုအလျောက် အထက်လွှတ်တော် အမတ်တွေ ဖြစ်ပါတယ်။ ဒါကြောင့် မစ္စတာ ပီတ လင်ဂျာရွန်ရက်အတွက် ဝန်ကြီးချုပ်ဖြစ်ရေးလမ်းကြောင်းဟာ စိန်ခေါ်မှုတွေ ပြည့်နှက်နေတာတော့အမှန်ပါပဲ။ လတ်တလောမှာတော့ Move Forward Party  ပါတီခေါင်းဆောင် မစ္စတာ ပီတ လင်ဂျာရွန်ရက်ဟာ ကျန်ပါတီ ၇ ပါတီနဲ့ သဘောတူညီမှုရယူပြီး ညွန့်ပေါင်းအစိုးရတစ်ရပ်ကို ဖွဲ့စည်း ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အဲဒီညွန့်ပေါင်းအစိုးရကို မဲအများဆုံးရထားတဲ့ Move Forward Party  ပါတီခေါင်းဆောင် မစ္စတာ ပီတ လင်ဂျာရွန်ရက် ဦးဆောင်ခွင့်ရမှာဖြစ်သလို သူ့ကိုဝန်ကြီးချုပ်အဖြစ် တင်မြှောက်ဖို့ အားလုံးလည်း သဘော တူထားခဲ့ပြီးဖြစ်ပါတယ်။ Move Forward Party ပါတီနဲ့ မိတ်ဖက်  ၇ ပါတီတို့ဟာ မေ ၂၂ ရက်မှာ အချက် ၂၃ ချက်ပါ ဘုံသဘောတူညီချက်ကို နားလည်မှု စာချွန်လွှာလက်မှတ်ရေးထိုးပြီး ညွန့်ပေါင်းအစိုးရတစ်ရပ်ကို ဖွဲ့စည်း ထားခဲ့တာဖြစ်ပါတယ်။ အဲဒီ သဘာတူညီချက်တွေထဲမှာ ကန့်ကွက်မှု အများအပြားရှိခဲ့တဲ့ ထိုင်းတော်ဝင် မိသားစု ကို အကာအကွယ်ပေးထားတဲ့ ဥပဒေကို ပြင်ဆင်မယ့်အချက်တော့ ပါမလာခဲ့ပါဘူး။ ဒါကလည်း ဒီဥပဒေကိုပြင် ဆင်ဖို့နဲ့ ပတ်သက်ပြီး ဝေဖန်မှုအများအပြား ထွက်ပေါ်လာခဲ့တဲ့အပြင် မိတ်ဖက်ပါတီအများစုကလည်း တော်ဝင် မိသားစုကို အကာအကွယ်ပေးထားတဲ့ ဥပဒေကိုပြင်ဆင်ဖို့ ဆန္ဒမရှိတာကြောင့်ဖြစ်နိုင်ပါတယ်။ ဘုရင်၊ ဘုရင်မ၊ အမွေဆက်ခံရမယ့်သူ ဒါမှမဟုတ် ရင်ခွင်ပိုက် အုပ်စိုးသူတို့ကို စော်ကားတာ၊ အသရေဖျက်တာတို့ကို ပြစ်မှုအဖြစ် ဥပဒေပြဋ္ဌာန်းထားတဲ့ တော်ဝင်စော်ကားမှု ဥပဒေကိုပြင်ဆင်သွားမယ်လို့ ရွေးကောက်ပွဲမတိုင်မှာ Move Forward Party က ကတိပြုထားခဲ့တာဖြစ်ပါတယ်။ အဲဒီဥပဒေအရ အရေးယူခံရသူတွေဟာ ထောင်ဒဏ် ၃ နှစ်ကနေ ၁၅ နှစ်အထိ ကျခံရတာဖြစ်ပြီး ၂၀၂၀ ခုနှစ်နောက်ပိုင်း လူငယ်တွေအပါအဝင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ရာပေါင်း များစွာဟာ တော်ဝင်စော်ကားမှု ဥပဒေနဲ့ တရားစွဲခံထားရတာဖြစ်ပါတယ်။ ဒီဥပဒေကိုပြင်မယ်ဆိုရင် အထက် လွှတ်တော်အမတ်တွေ နဲ့ မစ္စတာ ပီတ လင်ဂျာရွန်ရက် ထိပ်တိုက်တွေ့ရမယ့်သဘောလည်းဖြစ်နေခဲ့တာပါ။ ဒီအခြေ အနေကို ရှောင်ရှားနိုင်ဖို့အတွက် Move Forward Party ပါတီအနေနဲ့ တော်ဝင်ဥပဒေကိုပြင်ဆင်မယ့် ရည်ရွယ် ချက်ကို နောက်ဆုတ်ပေးခဲ့တာလည်းဖြစ်နိုင်ပါတယ်။  

Move Forward Party ပါတီနဲ့ မိတ်ဖက် ၇ ပါတီတို့ရဲ့ သဘောတူညီချက် ၂၃ ချက်ထဲမှာ ထင်ရှားတဲ့အချက်တွေ ကတော့ မဖြစ်မနေ စစ်မှုထမ်းတာကို ဆန္ဒအလျောက် စနစ်တစ်ခုအဖြစ် ပြောင်းလဲမှာဖြစ်ပေမယ့် စစ်ပွဲတွေပေါ် ပေါက်လာရင်တော့ စစ်မှုထမ်းခြင်းသတ်မှတ်ချက်ကို ဆက်လက်ထိန်းသိမ်းထားဖို့၊ ဆေးခြောက်ကို မူးယစ်ဆေးဝါး စာရင်းမှာ ပြန်လည်ထည့်သွင်းဖို့၊ အာဆီယံမှာ ထိုင်းနိုင်ငံရဲ့ ဦးဆောင်မှုအခန်းကဏ္ဍကို ပြန်လည်ထူထောင်ဖို့၊ ထိုင်းနဲ့ တခြားအင်အားကြီးနိုင်ငံတွေကြား နိုင်ငံရေးချိန်ခွင်လျှာကို ထိန်းသိမ်းတဲ့ နိုင်ငံခြားရေးမူဝါဒကို အကောင် အထည်ဖော်ဖို့ စတဲ့အချက်တွေ ပါဝင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် လူ့အခွင့်အရေးမူတွေကို ထည့်သွင်းစဉ်းစားပြီး ယဉ်ကျေးမှုပေါင်းစုံတဲ့ လူ့အဖွဲ့အစည်းအတွင်း အတူယှဉ်တွဲနေထိုင်ရေးအတွက် ကဏ္ဍပေါင်းစုံက ပူးပေါင်းပါဝင်မှုနဲ့ လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေအတွက် အစိုးရအေဂျင်စီရဲ့ တာဝန်တွေကို ပြန်လည်သုံးသပ်ဖို့နဲ့ ဥပဒေစိုးမိုးစေဖို့စတဲ့ အချက်တွေလည်း ပါဝင်နေတာဖြစ်ပါတယ်။ ညွန့်ပေါင်းအစိုးရအနေနဲ့ အချက် ၂၃ ချက်အပြင် နိုင်ငံသားတွေရဲ့ ရပိုင်ခွင့်တွေသာမက ပြည်သူ့လွတ်လပ်ခွင့်တွေကို ကာကွယ်ရေးအပြင် တခြားအဖွဲ့ဝင်ပါတီတွေအနေနဲ့ ပြည်သူ လူထုရဲ့ အလိုကို ဦးစားပေးဖို့လည်း သဘောတူညီခဲ့ကြတာဖြစ်ပါတယ်။ Move Forward Party ခေါင်းဆောင် မစ္စတာ ပီတ လင်ဂျာရွန်ရက် အနေနဲ့ ညွန့်ပေါင်းအစိုးရတစ်ရပ်ဖွဲ့နိုင်ခဲ့တဲ့အတွက် အမတ် ၅၀၀ ရှိတဲ့ အောက် လွှတ်တော်မှာ အမတ် ၃၁၃ နေရာကိုရယူထားနိုင်ပြီဖြစ်ပေမယ့် ဝန်ကြီးချုပ်ရာထူးအတွက် အဆုံးအဖြတ်ပေးနိုင် တဲ့ အထက်လွှတ်တော်အမတ် ၂၅၀ ရဲ့ထောက်ခံမှုရဖို့အတွက်တော့ ဆက်လက်ကြိုးစားရဦးမှာဖြစ်ပါတယ်။ ဝန်ကြီးချုပ်ရာထူးရယူနိုင်ဖို့အတွက် အမတ် ၇၅၀ ရှိတဲ့ အမျိုးသားလွှတ်တော်ရဲ့ တစ်ဝက်ကျော်က ထောက်ခံမှု လိုအပ်နေရာမှာ အောက်လွှတ်တော်တစ်ခုတည်း ဒါမှမဟုတ် အထက်လွှတ်တော်မှာ အနည်းဆုံး ၃၇၆ မဲ လိုအပ် နေတာဖြစ်ပါတယ်။ ဒါကြောင့် မစ္စတာ ပီတ လင်ဂျာရွန်ရက် ဝန်ကြီးချုပ်ဖြစ်လာဖို့အတွက် နောက်ထပ် ၆၃ မဲလို အပ်နေသေးတာလည်းဖြစ်ပါတယ်။ တော်ဝင်ဥပဒေကိုပြင်မယ့် မစ္စတာ ပီတ လင်ဂျာရွန်ရက်ရဲ့စိတ်ကူးကြောင့် အထက်လွှတ်တော်အမတ်တွေဟာ သူ့ကိုထောက်ခံဖို့ ကန့်ကွက်မှုတွေရှိခဲ့ပေမယ့် ညွန့်ပေါင်းအစိုးရဖွဲ့ပြီး သဘော တူညီချက်တွေထွက်လာချိန်မှာတော့ အထက်လွှတ်တော်အမတ်တချို့ရဲ့စိတ်ကူးတွေပြောင်းလဲလာခဲ့တာ တွေ့ရပါ တယ်။ အတည်မပြုနိုင်သေးတဲ့ သတင်းအချက်အလက်တွေအရတော့ အထက်တော်လွှတ်အမတ် ၁၀ ယောက် ကျော်လောက်ဟာ မစ္စတာ ပီတ လင်ဂျာရွန်ရက်ကို ထောက်ခံသွားဖို့ရှိနေတယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံရေး လေ့လာသူတွေကတော့ ထိုင်းစစ်တပ်အနေနဲ့ သူတို့မျှော်လင့်သလိုဖြစ်မလာရင် အတိတ်ကလို အာဏာသိမ်းမယ့် လမ်းကြောင်း ပြန်လျှောက်သွားမှာကို စိုးရိမ်နေကြပါတယ်။ ရွေးကောက်ပွဲမတိုင်ခင်မှာ ထိုင်းစစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး နာရောင်ပန်ဂျစ်ကောသေး ကတော့ အာဏာသိမ်းမှာမဟုတ်ဘူးလို့ ကတိပြုထားပါတယ်။ လွန်ခဲ့တဲ့ ရာစုနှစ်အတွင်း ထိုင်းစစ်တပ်ဟာ အကြိမ်ပေါင်း တစ်ဒါဇင်ကျော် အာဏာသိမ်းခဲ့ပြီး ၂၀၁၄ ခုနှစ်က နောက်ဆုံး အကြိမ် အာဏာသိမ်းခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်လည်း ထိုင်းပြည်သူတွေနဲ့ နိုင်ငံရေးလေ့လာသူတွေက စိုးရိမ်နေ ကြတာဖြစ်ပါတယ်။ 

တစ်ဖက်မှာ ထိုင်း စစ်ခေါင်းဆောင်တွေရဲ့မိတ်ဖက် မြန်မာ စစ်ကောင်စီ ခေါင်းဆောင်တွေကလည်း ထိုင်းနိုင်ငံမှာ အတိုက်အခံ ခေါင်းဆောင်တစ်ယောက် အာဏာရသွားမှာကို လိုလားမယ့်ပုံ မရှိတာတွေ့နေရပါတယ်။ ထိုင်းရွေး ကောက်ပွဲမှာ မစ္စတာ ပီတ လင်ဂျာရွန်ရက်အနိုင်ရပြီးနောက် ထိုင်း-မြန်မာနယ်စပ်ကိုစောင့်ကြည့်ထားဖို့အတွက် စစ်ကောင်စီ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ညွှန်ကြားခဲ့တယ်လို့သိရပါတယ်။ Move Forward ပါတီ ဟာ အနောက်တိုင်းလိုလားသူတွေဖြစ်ပြီး အကြမ်းဖက်သမားတွေကို ကူညီနိုင်တာကြောင့် နယ်စပ်ကိုမပြတ်တမ်း စောင့်ကြည့်ထားဖို့လိုတယ်ဆိုပြီး ညွှန်ကြားထားခဲ့တာလို့ ဆိုပါတယ်။ အိမ်နီးချင်းထိုင်းရဲ့ နိုင်ငံရေးပြောင်းလဲမှုကို စစ်ကောင်စီခေါင်းဆောင်တွေ သောကဖြစ်နေမယ်ဆိုရင်လည်း ဖြစ်ချင်စရာပါပဲ။ ထိုင်းဝန်ကြီးချုပ်လောင်း မစ္စတာ ပီတ လင်ဂျာရွန်ရက်ဟာ စစ်ကောင်စီက ကျေးရွာတွေ၊ ကျောင်းတွေ၊ ဆေးခန်းတွေ အပါအဝင် အရပ်သားတွေနဲ့ ခုခံတော်လှန်ရေးအင်အားစုတွေကိုပါ တိုက်ခိုက်နေတဲ့ မြန်မာစစ်တပ်အပေါ်ထားရှိတဲ့ ထိုင်းအစိုးရ မူဝါဒတွေကို အမြဲဝေဖန်ခဲ့သူဖြစ်ပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲအနိုင်ရပြီးနောက် သူပြောခဲ့တဲ့ စကားတွေဟာလည်း စစ်ကောင်စီအပေါ် သတိပေးချက်တွေ ဖြစ်ခဲ့တာတွေ့ရပါတယ်။ မြန်မာ့အရေးဖြေရှင်းနိုင်ဖို့အတွက် အာဆီယံ မူ ၅ ချက်ကို အမှန်တကယ်အောင်မြင်အောင်လုပ်ဆောင်ဖို့လိုအပ်ပြီး အဓိကအနေနဲ့ အမေရိကန်ကွန်ဂရက်မှာ ချမှတ် ခဲ့တဲ့ ဘားမားအက်နဲ့ စတင်ရမှာဖြစ်တယ်လို့ ဆိုထားခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် သူ့ရဲ့မြန်မာနိုင်ငံဆိုင်ရာ  မူဝါဒ ဟာ လူသားဘဝလုံခြုံရေးစဉ်းစားချက်အပေါ်အာရုံစိုက်ပြီး အရေးပါတဲ့အင်အားစုတိုင်းနဲ့ ဆက်သွယ်ညှိနှိုင်းမယ့် မူဝါဒဖြစ်တယ်လို့လည်း ဆိုခဲ့တာဖြစ်ပါတယ်။ ဒီအဖြေဟာ စစ်ကောင်စီလိုချင်တဲ့ အဖြေမျိုးမဟုတ်ဘဲ စစ်အာဏာ ရှင်တွေအတွက် သောကများစရာဖြစ်နေခဲ့တာကတော့ သေချာပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required