အစိုးရဖွဲ့ရန် ထိုင်းအနိုင်ရ ရှေ့သို့ချီပါတီက ၈ ပါတီ ညွန့်ပေါင်းဖွဲ့စည်းကြောင်း ကြေညာ

အစိုးရဖွဲ့ရန် ထိုင်းအနိုင်ရ ရှေ့သို့ချီပါတီက ၈ ပါတီ ညွန့်ပေါင်းဖွဲ့စည်းကြောင်း ကြေညာ

ထိုင်းရွေးကောက်ပွဲ အနိုင်ရ ရှေ့သို့ချီ MFP ပါတီသည် အောက်လွှတ်တော်တွင် အများစုအဖြစ် ရှစ်ပါတီ ညွန့်ပေါင်း ဖွဲ့စည်းကြောင်း ကြာသပတေးနေ့တွင် ကြေညာသည်။

အစိုးရ ဖွဲ့စည်းမည့် ရှေ့သို့ချီပါတီ၏ အစီအစဉ်ကို လမ်းလွဲစေမည်ဟု ခန့်အပ်ခံ အမတ်များ၏ ဖြစ်လာနိုင်သော အတိုက်အခံပြုမှုများ ရှိသည့်ကြားမှ ယခုကဲ့သို့ ညွန့်ပေါင်းဖွဲ့ခြင်း ဖြစ်သည်။

ရှေ့သို့ချီပါတီ ဦးဆောင်သော ညွန့်ပေါင်းအဖွဲ့သည် အောက်လွှတ်တော် အမတ်နေရာ ၅၀၀ တွင် ၃၁၃ နေရာ ရှိကြောင်း ကနဦး မဲရလဒ်များအရ သိရသည်။

ရှေ့သို့ချီပါတီက ၁၅၂ နေရာရှိပြီး အခြား ပါတီ ခုနစ်ခုက စုစုပေါင်း ၁၆၁ နေရာရှိကာ ရှေ့သို့ချီပါတီ၏ ခေါင်းဆောင် ပစ်တာ လမ်ဂျာရိုအန်နက်ကို ဝန်ကြီးချုပ်ဖြစ်ရေးအတွက် ထောက်ခံရန် သဘောတူကြသည်။

“ကျွန်တော်တို့ အစိုးရဖွဲ့နိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်မှု ရှိတယ်”ဟု ပစ်တာက က ပြောသည်။

“ကျွန်တော်ရဲ့ ညွန့်ပေါင်းအဖွဲ့ဟာ ခိုင်မာမှု ရှိတယ်၊ အရွေ့၊ တိုးတက်မျုလည်း ရှိတယ်၊ ဒီကနေ့ကနေ ကျွန်တော် ဝန်ကြီးချုပ်ဖြစ်လာမယ့်နေအထိအတွက် အရမ်း ရှင်းလင်းတဲ့ လမ်းပြမြေပုံလည်း ရှိထားတယ်”ဟု အသက် ၄၂ နှစ်အရွယ် ပစ်တာက ပြောသည်။

ပါတီများကြား မတူကွဲပြားမှုများကို ဖြေရှင်းရန် လုပ်ငန်းအဖွဲ့ ဖွဲ့စည်းထားပြီး နိုင်ငံ သို့မဟုတ် စီးပွားရေးကို ထိခိုက်စေနိုင်သော မတည်ငြိမ်မှုများ အနည်းဆုံးဖြင့် အာဏာလွှဲပြောင်းရေး ချောမွေ့စေမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“မျှော်လင့်ချက် အစိုးရ ဖြစ်လာပါမယ်၊ ပြောင်းလဲမှု အစိုးရ ဖြစ်လာပါမယ်၊ ကျွန်တော်တို့ဟာ ပြည်သူ့ဆန္ဒကို သစ္စာစောင့်သိမှာ ဖြစ်ပါတယ်၊ အားလုံးအတွက် အစိုးရဖြစ်စေရပါမယ်”ဟု ပစ်တာက ဆိုသည်။

ညွန့်ပေါင်းဖွဲ့စည်းခြင်းနှင့် ပတ်သက်သော ပို၍ အသေးစိတ်ကို တနင်္လာနေ့တွင် ထုတ်ပြန်မည် ဖြစ်သည်။

ရှေ့သို့ချီပါတီ ဦးဆောင်သော ညွန့်ပေါင်းအဖွဲ့တွင် အခြားသော ပါတီများမှာ Pheu Thai၊ Prachachart၊ Thai Sang Thai၊ Seri Ruam Thai၊ Fair၊ Pue Thai Rumphlang နှင့် Plung Sungkom Mai တို့ ဖြစ်ကြသည်။

စစ်တပ်ဩဇာ၊ စီးပွားရေး လက်ဝါးကြီးအုပ်မှုတို့ကို လျှော့ချမည်နှင့် တော်ဝင်ဥပဒေကို ပြင်ဆင်မည်ဟု ကတိပေးထားသည့် ငယ်ရွယ်ပြီး တိုးတက်သော ရှေ့သို့ချီ ပါတီသည် တနင်္ဂနွေနေ့က အထွေထွေ ရွေးကောက်ပွဲတွင် အံ့အားသင့်စဖွယ် အနိုင်ရပြီး လူထုမဲ၏ ၃၆ ဒသမ ၂၃ ရာခိုင်နှုန်း ရရှိကြောင်း ကနဦး ရလဒ်များက ပြသသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly