ပုသိမ်ထောင်မှ နိုင်ငံရေးအကျဥ်းသား ၁၈ ဦး ပြန်လည်လွတ်မြောက်

By မင်းထက် (မဇ္စျိမ)
03 May 2023
ပုသိမ်ထောင်မှ နိုင်ငံရေးအကျဥ်းသား ၁၈ ဦး ပြန်လည်လွတ်မြောက်

ဧရာဝတီတိုင်း၊ပုသိမ်မြို့၊ ပုသိမ်အကျဥ်းထောင်မှ နိုင်ငံရေးအကျဥ်းသားများအနက် ၁၈ ဦးသည် ယနေ့ နေ့လယ်တွင် ပြန်လည်လွတ်မြောက်လာကြောင်း သတင်းရရှိသည်။

ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅-ကဖြင့် အကျဥ်းကျခံနေရသည့် နိုင်ငံရေးအကျဥ်းသား ၁၆ ဦးနှင့် အကျဥ်းသူ နှစ်ဦးကို ယနေ့ မေလ ၃ ရက်၊ နေ့လယ်ပိုင်းတွင် စစ်ကောင်စီက  ပြန်လွှတ်ပေးခြင်းဖြစ်သည်။

လွတ်မြောက်လာသူများမှာ လွတ်ရက်စေ့ရန် လပိုင်းသာလိုတော့သည့် ပုသိမ်မြို့မှ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦး၊ ကျောင်းကုန်းမြို့မှ အမျိုးသား ကိုးဦး၊ကျုံပျော်မြို့မှ အမျိုးသားငါးဦးနှင့် အမျိုးသမီးတစ်ဦးတို့ဖြစ်သည်ဟု အကျဥ်းဦးစီးနှင့် နီးစပ်သူတစ်ဦးက မဇ္ဈိမကို ပြောသည်။

"ထောင်ကပြန်လွတ်ဖို့ လပိုင်းလောက်ပဲ လိုတော့တဲ့သူတွေကို ပြန်လွှတ်ပေးတာပါ။လွတ်ဖို့ တစ်နှစ်နဲ့ တစ်နှစ်အထက်ကျန်တဲ့သူတွေကို လွှတ်မပေးဘူးလို့သိရတယ်"ဟု ၎င်းကပြောသည်။

လွတ်မြောက်လာသူများအား နိုင်ငံရေး၊တော်လှန် ရေး ၊ NUG ၊ PDF စသည့်အဖွဲ့အစည်းများနှင့် ပတ်သက်ခြင်းမပြုရန် ခံဝန်လက်မှတ်ထိုးခိုင်းပြီးမှသာ အကျဥ်းဦးစီးတာဝန်ရှိသူများနှင့် ဧရာဝတီတိုင်း စစ်ကောင်စီအဖွဲ့ဝင်များက ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်ဟု အကျဥ်းဦးစီးဌာနနှင့် နီးစပ်သူကပြောသည်။

စစ်ကောင်စီက ရာဇသတ်ကြီးပုဒ်မ ၅၀၅-ကဖြင့် ပြစ်ဒဏ်ကျခံနေရသည့် နိုင်ငံရေး အကျဉ်းသား၊အကျဉ်းသူ ၂၁၅၃ ဦးကို ပြန်လွှတ်ပေးမည်ဟု ယနေ့ နံနက်ပိုင်းက ကြေညာပြီးနောက်  လွတ်ရက်နီး နိုင်ငံရေးအကျဥ်းသားများ ပြန်လည်လွတ်မြောက်လာခြင်းဖြစ်သည်။
ပုသိမ်အကျဥ်းထောင်တွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်ဆန့်ကျင်မှုကြောင့် ဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဥ်းသား ၄၀၀ ခန့်ရှိနေကြောင်း သိရသည်။

စစ်တပ်က နိုင်ငံတော် အာဏာသိမ်းပြီးချိန်မှ 
ယမန်နေ့ မေလ ၂ ရက်နေ့ထိ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၂၁,၈၀၇ ဦးရှိပြီး ၁၇,၈၉၇ ဦး ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ၅,၈၃၉ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း-AAPP က မေလ ၂ရက်တွင် သတင်းထုတ်ပြန်ထားသည်။

စာတည်း - မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required