ယူရိုပြိုင်ပွဲကို ပရိသတ်မပါပဲ ကျင်းပရနိုင်ကြောင်း ဥရောပဘောလုံးအဖွဲ့ချုပ် ၀န်ခံ

ယူရိုပြိုင်ပွဲကို ပရိသတ်မပါပဲ ကျင်းပရနိုင်ကြောင်း ဥရောပဘောလုံးအဖွဲ့ချုပ် ၀န်ခံ

မတ် ၂၃၊ ဆွစ်ဇာလန် ။                ။ ပြင်သစ်နိုင်ငံတွင် ကျင်းပပြုလုပ်မည့် ၂၀၁၆ ယူရိုပြိုင်ပွဲကို ပရိသတ်များမပါဘဲ ကွင်းပိတ်ကစားရနိုင်ကြောင်း ဥရောပဘောလုံးအဖွဲ့ချုပ်(ယူအီးအက်ဖ်အေ)မှ ဝန်ခံ ကြေညာသွားခဲ့သည်။

ပြီးခဲ့သည့် နိုဝင်ဘာလက ပဲရစ်မြို့တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက် တိုက်ခိုက်မှုကြောင့် ယူရိုပြိုင်ပွဲကျင်းပရေးတာဝန်ခံများသည် လုံခြံရေးအတွက် အထူးဂရုပြု လုပ်ဆောင်နေကြသော်လည်း ပြီးခဲ့သော အင်္ဂါနေ့က ဖြစ်ပွားခဲ့သည့် ဘရပ်ဆဲလ်လေဆိပ် အသေခံဗုံးခွဲမှုကြောင့် တာဝန်ရှိသူများနှင့် ယူအီးအက်ဖ်အေ၏ထိပ်တန်းပုဂ္ဂိုလ်များမှာ လုံခြုံရေးအတွက် စိုးရိမ်ပူပန်မှုများ တိုးပွားလာပြီး ယူရို ၂၀၁၆ ပြိုင်ပွဲကို တံခါးပိတ်ကျင်းပရနိုင်ကြောင်း ဝန်ခံခဲ့ကြသည်။

ယူအီးအက်ဖ်အေ အမှုဆောင်ကော်မတီ၏ ဒုတိယဥက္ကဋ္ဌ ဂီယန်ကာလို အဘီတီက ယူရိုပြိုင်ပွဲကို တံခါးပိတ်ကျင်းပခြင်း ပြုလုပ်ရနိုင်ကြောင်း ပြင်သစ် ရေဒီယို 24 မှ ပြောကြားခဲ့သည်။ 'ယူရို ပြိုင်ပွဲက ကြန့်ကြာလို့ မရသလို ရက်ရွှေ့ကျင်းပလို့လည်း မရပါဘူး။

အကြမ်းဖက်သမားတွေကို ကျွန်တော်တို့ မတားဆီးနိုင်သလို ယူရို ၂၀၁၆ ပြိုင်ပွဲကိုလည်း တံခါးပိတ်ကျင်းပဖို့ မဖြစ်နိုင်ဘူးလို့ ပြောလို့ မရပါဘူး' ဟု ဂီယန်ကာလို အဘီတီက ပြောသည်။

သို့သော် ယူအီးအက်ဖ်အေက ယူရိုပြိုင်ပွဲကို စိတ်ချလုံခြုံစွာကျင်းပနိုင်ရေးအတွက် ပြင်သစ်အစိုးရနှင့် ပူးပေါင်းပြီး လုံခြုံရေးအစီအစဉ်များကို အသေအချာ ဂရုစိုက်ကာ ဆက်လက်လုပ်ဆောင်သွားမည်ဟု ဆိုသည်။

ပဲရစ်မြို့တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုတွင်လည်း လူပေါင်း ၁၃၀ ကျော် သေဆုံးခဲ့ရပြီး ၃၅၀ ကျော် ဒဏ်ရာရရှိခဲ့သလို ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်လေဆိပ်တွင် ဖြစ်ပွားခဲ့သည့် အသေခံဗုံးခွဲမှုတွင် လူပေါင်း ၃၄ ဦး သေဆုံးခဲ့ပြီး ၂၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required