ချက်သမ္မတအသစ်ကြောင့် တရုတ်နှင့်သံတမန်ဆက်ဆံရေးအပေါ် သက်ရောက်မှုရှိဟု GeoPolitica.info က ဖော်ပြ

By  ANI    
21 February 2023
ချက်သမ္မတအသစ်ကြောင့် တရုတ်နှင့်သံတမန်ဆက်ဆံရေးအပေါ် သက်ရောက်မှုရှိဟု GeoPolitica.info က ဖော်ပြ

ချက်သမ္မတအဖြစ် အငြိမ်းစားဗိုလ်ချုပ်ကြီး ပီတာပါဗဲလ် ရွေးကောက်ခံရခြင်းက ချက်သမ္မတနိုင်ငံနှင့် တရုတ် နိုင်ငံအကြား သံတမန်ဆက်ဆံရေးအပေါ် သက်ရောက်မှုရှိလာကြောင်း GeoPolitica.info က ဖော်ပြလိုက်သည်။

အနောက်နိုင်ငံများနှင့် ယူကရိန်းကို ထောက်ခံသူဟု ယူဆထားသည့် ပီတာပါဗဲလ်သည် တရုတ်က ယင်း၏  ပိုင်နက်တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း စွပ်စွဲထားသည့် ထိုင်ဝမ်ကို ပွင့်ပွင့်လင်းလင်း ထောက်ခံသူဖြစ်သည်။

မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့(နေတိုး) ၏ စစ်ဘက်ကော်မတီ ဥက္ကဋ္ဌဟောင်းနှင့် စစ်ဗိုလ်ချုပ်ကြီးဖြစ်သူ ပါဗဲလ်က ချက်သမ္မတနိုင်ငံသည် ထိုင်ဝမ်နှင့် နယ်ပယ်အားလုံးတွင် နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ရေး ကြိုးပမ်းမည်ဟု ပြောခဲ့သည်။ 
ကိုယ်ပိုင်အုပ်ချုပ်နေသည့် ထိုင်ဝမ်သည် ကဏ္ဍအားလုံးတွင် ပူးပေါင်းဆောင်ရွက်မှုအတွက် ချက်နိုင်ငံ၏ ယုံကြည်စိတ်ချရသော မိတ်ဖက်ဖြစ်ကြောင်း ပါဗဲလ်က ထိုင်ဝမ်သမ္မတ စိုင်အင်ဝမ်နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

တရုတ်က  ပါဗဲလ်၏ပြောဆိုချက်ကို ဒေါသထွက်ခဲ့ကာ အချုပ်အခြာအာဏာကို ချိုးဖောက်သည့် လုပ်ရပ်ဟု ပြောဆိုခဲ့ကြောင်း Geopolitica.info က ဖော်ပြခဲ့သည်။
ယူကရိန်းသည် ပဋိပက္ခပြီးဆုံးသည်နှင့် အနောက်မဟာမိတ်အဖွဲ့၏ အစိတ်အပိုင်းဖြစ်လာရန် ကျင့်ဝတ်ပိုင်းနှင့် လက်တွေ့ပိုင်းအရ အဆင်သင့်ဖြစ်နေပြီဟု ပါဗဲလ်က ပြောဆိုလိုက်ချိန်တွင် တရုတ်ကို ထပ်မံဒေါသ ထွက်စေခဲ့သည်။

စစ်ပွဲပြီးသည်နှင့် ယူကရိန်းကို နေတိုး၏ အစိတ်အပိုင်းဖြစ်လာရန် ခွင့်ပြုသင့်ကြောင်း ရွေးကောက်ခံသမ္မတ ပါဗဲလ်က ထောက်ခံပြောကြားခဲ့သည်။
ယူကရိန်းအား စစ်ရေးမဟာမိတ်အဖြစ် ခွင့်ပြုလိုက်ပါက ပဋိပက္ခပိုမိုပြင်းထန်လာနိုင်ကြောင်း တရုတ်က သတိပေးထားသည်။

သံတမန်ရေးရာ ကျွမ်းကျင်သူများက ယင်းသည် ဥရောပအလယ်ပိုင်း၊ အရှေ့ပိုင်းနှင့် တရုတ်တို့ ဆက်ဆံရေးတွင် အက်ကြောင်းများ ထွက်ပေါ်လာသည့် အချက်ပြမှုတစ်ခုဖြစ်ကြောင်း ထောက်ပြခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required