ကိုဗစ်-၁၉ ကုသရာတွင် ဝီဂါတိုင်းရင်းဆေးကို အသုံးပြုရန် ရှင်ကျန်းအရာရှိများ တိုက်တွန်း

By Devdiscourse
21 January 2023
ကိုဗစ်-၁၉ ကုသရာတွင် ဝီဂါတိုင်းရင်းဆေးကို အသုံးပြုရန် ရှင်ကျန်းအရာရှိများ တိုက်တွန်း

ဒေသအတွင်း ကိုဗစ်ရောဂါဖြစ်ပွားမှုများ မြင့်တက်လာချိန်တွင် လူနာများအား ကုသရန်အတွက် ဝီဂါတိုင်းရင်းဆေးကို စတင်အသုံးပြုရန် ရှင်ကျန်းအနောက်ပိုင်းဒေသမှ အစိုးရအရာရှိများက ဆေးရုံများကို တိုက်တွန်းထားကြောင်း RFA သတင်းတွင် ဖော်ပြထားသည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၂၅၀၀ ကျော်မှ ရှေးခေတ် ဂရိ-ရောမ၊ အီဂျစ်၊ အာရေဗျနှင့် အိန္ဒိယဆေးပညာတို့ကို ရောစပ်ထားသည့် ကုထုံးကို ရှားရှားပါးပါး အသိအမှတ်ပြုမှုဖြစ်ကြောင်း RFA က ဖော်ပြခဲ့သည်။
ရှင်ကျန်းဝီဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကွန်မြူနစ်ပါတီအတွင်းရေးမှူး မာရှင်းရွေက  တရုတ်နိုင်ငံရှိ ကျန်းမာရေးဝန်ထမ်းများနှင့် ဆေးရုံများသည် တရုတ်ရိုးရာနှင့် ဝီဂါ ကုထုံးများအပြင် အနောက်တိုင်းဆေးများကိုပါ အသုံးချရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အပင်အခြေခံပါဝင်ပစ္စည်းများကို အသုံးပြုထားသည့် ဝီဂါတိုင်းရင်းဆေးသည် အရေပြားရောဂါ၊ ဆီးလမ်းကြောင်းဆိုင်ရာရောဂါ၊ ဒူလာရောဂါ၊ အစာခြေလမ်းကြောင်းဆိုင်ရာ ပြဿနာများနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများကို ဆေးတောင့်၊ ဆေးပြား၊ တင်ချာဆေးရည်၊ အမှုန့်၊ ဆေးရည်များနှင့် လိမ်းဆေးပုံစံ စသဖြင့် ပုံအမျိုးမျိုးဖြင့် ကုသပေးသည်။
ဇူကမ်ဂျူးဟီရိ အအေးမိပျောက်ဆေးနှင့် ရှားဘိတီဇူဖာ ဆေးရည်တို့သည် ကိုဗစ်ကုသရာတွင် အသုံးပြုသည့် ဝီဂါတိုင်းရင်းဆေးဝါးများ ဖြစ်သည်။ ဆေးဝါးများကိုအသုံးပြုသော ကျန်းမာရေးဝန်ထမ်းများက ရလဒ်ကောင်းများရရှိကြောင်း ပြောကြားထားသည်။ ရှင်ကျန်းရှိ တိုင်းရင်းဆေးဝါးများတွင် ကိုဗစ်ကိုထိန်းချုပ်ရန်နှင့် ကိုဗစ်လူနာများကို ကုသရာတွင် အထောက်အကူပြုသည့် အားသာချက်များကို တွေ့ရကြောင်း ရှင်ကျန်းရှိ Aksu City ဆေးရုံမှ သမားတော်တစ်ဦးကို ကိုးကား၍ RFA တွင် ဖော်ပြထားသည်။
"ရောဂါပြင်းထန်တဲ့ ကိုဗစ်လူနာတွေကို ဝီဂါဆေး ၃ ရက်လောက် တိုက်ပေးရင် အဖျားကျသွားပါတယ်။  ဝီဂါဆေးကြောင့် ကိုဗစ်ကနေ ပြန်ကောင်းလာတဲ့ လူနာတွေလည်း ရှိပါတယ်" ဟု ၎င်းက ပြောသည်။
ရှင်ကျန်းတွင် ဆေးဝါးကုမ္ပဏီ ၆၀ ကျော်ရှိသည်။ အဆိုပါကုမ္ပဏီများသည် ၂၀၂၁ ခုနှစ်တွင် ယွမ် ၈ ဒသမ ၈ ဘီလီယံ (ဒေါ်လာ ၁ ဒသမ ၃ သန်း) ခန့် ဝင်ငွေရရှိခဲ့ပြီး ယခင်နှစ် အလားတူကာလထက် ၁၀ ဒသမ ၅ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း Tengritagh News Network က ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် ဖော်ပြခဲ့သည်။
ကုမ္ပဏီများမှ ရောင်းချသော ထုတ်ကုန်အများစုသည် တရုတ်တိုင်းရင်းဆေးတွင် ထည့်သွင်းထားသည့် ဝီဂါတိုင်းရင်းဆေးကို အခြေခံထားသည်။ သို့သော် တရုတ်က ဤအချက်ကို ဝန်မခံပေ။ ၂၀၁၉ ခုနှစ်နှောင်းပိုင်းတွင် တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့တွင် ကိုဗစ်ရောဂါဖြစ်ပွားပြီးနောက် ရှင်ကျန်းရှိ ဆေးကုမ္ပဏီအများအပြားသည် ကိုဗစ်လူနာများကို ကုသရန် ဝီဂါတိုင်းရင်းဆေးတောင့်များနှင့် ဆေးရည်များ ထုတ်လုပ်ရန် အချိန်ပြည့် လုပ်ဆောင်ခဲ့သည်ဟု China Daily က ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီတွင် ဖော်ပြခဲ့ကြောင်း RFA သတင်းတွင် ဖော်ပြထားသည်။
ဝီဂါဆေးပညာရှင် မြူတယ်လစ်ပ် အမ်ချီက ဝီဂါဆေး ပေါင်းစပ်ပါဝင်သည့် တိုင်းရင်းဆေးကို အသုံးချမည့် အစိုးရ၏ မဟာဗျူဟာမှာ ဝီဂါကုထုံးများသည် တန်ဖိုးမဖြတ်နိုင်သော ဆေးဘက်ဆိုင်ရာ ပစ္စည်းတစ်ခုဖြစ်သည်ကို ပြသနေကြောင်း ပြောကြားခဲ့သည်။ တိုင်းရင်းဆေးပညာတွင် ရင်းနှီးမြုပ်နှံရေးနှင့် ထုတ်လုပ်ရေးတွင် တရုတ်အစိုးရမှ မကြာသေးမီက အလေးထားလာမှုသည် ကုထုံးရှာမတွေ့တော့သောကြောင့် ဖြစ်သည်ဟု အမ်ချီ က ပြောသည်။
“ကိုဗစ်ဗိုင်းရပ်စ်ကို တိုက်ဖျက်ရာမှာ ဝီဂါတိုင်းရင်းဆေးရဲ့ အစွမ်းထက်မှုကို တရုတ်နိုင်ငံနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက အသိအမှတ်ပြုလာတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly