ပါကစ္စတန်၏ စီးပွားရေးအကျပ်အတည်းက လာမည့် သီတင်းပတ်များအတွင်း ပိုဆိုးလာနိုင်

ပါကစ္စတန်၏ စီးပွားရေးအကျပ်အတည်းက လာမည့် သီတင်းပတ်များအတွင်း ပိုဆိုးလာနိုင်

ပါကစ္စတန်နိုင်ငံတွင် ဆောင်းရာသီဝင်လာချိန် စားနပ်ရိက္ခာ၊ စွမ်းအင်နှင့် နိုင်ငံခြားအရန်ငွေကြေးများ ရှားပါးလျက် ရှိရာတွင် အဆိုပါနိုင်ငံ၏ စီးပွားရေးအကျပ်အတည်းက ရှေ့လာမည့် သီတင်းပတ်များအတွင်း ပိုမိုဆိုးဝါးလာနိုင်ကြောင်းကို ညွှန်ပြနေသည်။

ရုရှားထံမှ ရေနံနှင့် ဓာတ်ငွေ့ကို လျှော့ဈေးဖြင့် မဝယ်တော့ရန် ဆုံးဖြတ်ခဲ့သည့် ဆုံးဖြတ်ချက်က အမေရိကန်ကို ကျေနပ်စေကောင်းစေနိုင် သို့မဟုတ် ကျေနပ်စေချင်မှ စေနိုင်မည် ဆိုသော်လည်း ပါကစ္စတန်၏ ဂငယ်ကွေ့ ကွေ့ခြင်းက တရားဝင်အညွှန်းတချို့က ပြသနေသည့် ကြောက်မက်ဖွယ် စီးပွားရေးဆိုင်ရာ အကျပ်အတည်း ဖိအားများနှင့် တစ်နည်းနည်း သက်ဆိုင်နေနိုင်သည်။

ဖြစ်ပွားဆဲ ယူကရိန်းစစ်ပွဲကြောင့် ရုရှားတွင်လည်း ငွေသားပြတ်လပ်နေသည့်အတွက် ပါကစ္စတန်အနေဖြင့် မည်သည့်ဝယ်ယူမှုအတွက်မဆို လက်ငင်းငွေပေးချေသွားရန် လိုလိမ့်မည် ဖြစ်သည်။

ပါကစ္စတန်သည် အမှန်စင်စစ်တွင် စွမ်းအင်အကျပ်အတည်းတစ်ခုနှင့် ကြုံတွေ့နေရကြောင်း နိုင်ငံခြားရေးဝန်ကြီး ဘီလာဝဲလ် ဘူတို ဇာဒါရီက ဒီဇင်ဘာ ၁၄ ရက်တွင် ‘PBS Newshour’ ကို ပြောသည်။ ဆွေးနွေးညှိနှိုင်းမှုများ ပြီးစီးသွားသည့်အတွက် လိုအပ်သည့် စာရွက်စာတမ်းများ လက်မှတ်ထိုးရန် ရုရှားစွမ်းအင်ဝန်ကြီး ဇန်နဝါရီလလယ်တွင် နိုင်ငံသို့ လာလိမ့်မည်ဟု ပါကစ္စတန် အငယ်တန်းစွမ်းအင်ဝန်ကြီး မူဆာဒစ် မာလစ်က ထုတ်ဖော်ပြီးနောက် တစ်ပတ်အကြာတွင် ရုရှားထံမှ ရေနံနှင့် ဓာတ်ငွေ့ကို ရယူရန် သို့မဟုတ် ဝယ်ယူရန် ကြိုးပမ်းနေခြင်း မရှိဆိုသည့် ဇာဒါရီ၏ ကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ပါကစ္စတန်အနေဖြင့် လက်ရှိအချိန်တွင် ပင်လယ်ကွေ့နိုင်ငံများဘက်သို့ လှည့်ရနိုင်ပြီး ထိုနိုင်ငံများကသာ ပါကစ္စတန်၏ ကြီးထွားလာသော စွမ်းအင်ရင်းမြစ်ဟာကွက်ကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သည်။

ပါကစ္စတန်အနေဖြင့် ဆောင်းရာသီဝင်လာချိန် ပြည်တွင်း၌ ဓာတ်ငွေ့ ဖြည့်ဆည်းထောက်ပံ့မှု လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် အပြင်းအထန် ကြိုးပမ်းနေရသလို အထူးသဖြင့် ရေနံအတွက် အပါအဝင် စွမ်းအင်ဆိုင်ရာ ငွေပေးချေ ရမှုများကြောင့် ကြီးထွားလာသည့် စာရင်းရှင်လိုငွေပြမှုကို ထိန်းသိမ်းနိုင်ရန် အပြင်းအထန် ကြိုးပမ်းနေရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly