ပါကစ္စတန်တွင် ယခုနှစ်ဆောင်းရာသီ၌ ဓာတ်ငွေ့မလုံလောက်မှု ကြုံတွေ့နိုင်

ပါကစ္စတန်တွင် ယခုနှစ်ဆောင်းရာသီ၌ ဓာတ်ငွေ့မလုံလောက်မှု ကြုံတွေ့နိုင်

ပါကစ္စတန်သည် ယခုနှစ် ဆောင်းရာသီ၌ သဘာဝဓာတ်ငွေ့ လုံလောက်စွာ မရရှိနိုင်သည့် အကျပ်အတည်းနှင့် ရင်ဆိုင်ကြုံတွေ့ရနိုင်သည်။

အဆိုပါ နိုင်ငံ၏ သဘာဝဓာတ်ငွေ့ ရှားပါးပြတ်လပ်မှုက နှစ်စဉ် တိုးလာနေသည့်အတွက် လာမည့် ဆောင်းရာသီတွင်လည်း အခြားရွေးစရာလမ်းမရှိဘဲ သဘာဝဓာတ်ငွေ့ကို ခွဲတမ်းချရမည်ဖြစ်ကြောင်း ပါကစ္စတန်အစိုးရ၏ ရေနံဌာနခွဲက ပြီးခဲ့သည့် သီတင်းပတ်တွင် အမျိုးသားလွှတ်တော်ဆိုင်ရာ အဖွဲ့တစ်ခုကို တင်ပြအသိပေးခဲ့ကြောင်း Dawn သတင်းစာက ဖော်ပြသည်။

ပါကစ္စတန်တွင် ဓာတ်ငွေ့ သုံးစွဲသည့် အိမ်ထောင်စုများကို ၁၆ နာရီကြာအထိ ဓာတ်ငွေ့ ပေးနိုင်လိမ့်မည် မဟုတ်ကြောင်းနှင့် နိုင်ငံတွင် သဘာဝဓာတ်ငွေ့က အလွန်ရှားပါးနေကြောင်း ပါကစ္စတန် အစိုးရအရာရှိများက သတိပေးထားသည်။

လာမည့် ဆောင်းရာသီတွင် ဓာတ်ငွေ့ ရရှိနိုင်မှုနှင့်ပတ်သက်ပြီး အတော်ပင် ခက်ခဲလိမ့်မည် ဖြစ်ပြီး ပြည်တွင်း သုံးစွဲသူများကို တစ်နေ့လျှင် ၃ကြိမ်သာ ထောက်ပံ့ပေးနိုင်လိမ့်မည် ဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

ပါကစ္စတန် အာဏာပိုင်တို့သည် သဘာဝဓာတ်ငွေ့ရည် (LNG) များ ထပ်မံ တင်သွင်းနိုင်မည့် အခြား နည်းလမ်းများကိုလည်း ကြိုးစား ရှာဖွေလျက် ရှိသည်။

သို့သော် လက်ရှိ ဖြစ်ပွားဆဲ ရုရှား-ယူကရိန်းစစ်ပွဲ၏ အကျိုးဆက်ကြောင့် နိုင်ငံတကာ စွမ်းအင်ဈေးကွက်တွင် သဘာဝဓာတ်ငွေ့ ကုန်စည်များ မရရှိနိုင်ခြင်းနှင့် နိုင်ငံရေး မတည်မငြိမ်မှုများ ဆက်ရှိနေစဉ် ပါကစ္စတန်အနေဖြင့် နိုင်ငံခြားအရန်ငွေကြေးများ ဆက်တိုက်ကျဆင်းမှုနှင့် ရင်ဆိုင်နေရသည့်အတွက် LNG ထပ်မံ တင်သွင်း ရရှိနိုင်ရေးက အဆိုပါနိုင်ငံအတွက် လွယ်ကူလိမ့်မည် မဟုတ်ကြောင်း The News International က ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly