အမေရိကန်တွင် သတိပေးချက်များရှိသော်လည်း ဒေသန္တရအစိုးရများက တရုတ်၏ ဆက်သွယ်ရေးပစ္စည်းများကို ဆက်ဝယ်ယူ

အမေရိကန်တွင် သတိပေးချက်များရှိသော်လည်း ဒေသန္တရအစိုးရများက တရုတ်၏ ဆက်သွယ်ရေးပစ္စည်းများကို ဆက်ဝယ်ယူ

အမေရိကန်အစိုးရသည် နိုင်ငံတစ်ဝန်းရှိ ထုတ်လုပ်ရောင်းချမှုလုပ်ငန်းများမှ တရုတ်စက်ကိရိယာများကို ဖယ်ရှားရှင်းလင်းရန် ကြိုးပမ်းခဲ့သော်လည်း ဒေသန္တရနှင့် ပြည်နယ်အစိုးရများသည် တရုတ် ဆက်သွယ်ရေး လုပ်ငန်းသုံးပစ္စည်းများကို ဆက်လက်ဝယ်ယူလျက်ရှိကြောင်း ပညာရပ်ဆိုင်ရာ လေ့လာမှုအသစ်တစ်ရပ်၌ ဖော်ပြထားသည်။

နိုင်ငံတော်လုံခြုံရေးအရ Huawei နှင့် ZTE တယ်လီကွန်းပစ္စည်းများရောင်းချမှုအသစ်အားလုံးကို ပိတ်ဆို့ရန် အမေရိကန် ဖက်ဒရယ်ဆက်သွယ်ရေးကော်မရှင်က မဲခွဲဆုံးဖြတ်ပြီးနောက် ရက်သတ္တပတ်အနည်းငယ်အကြာတွင် အဆိုပါတွေ့ရှိချက်များကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ဂျော့ဝါရှင်တန်တက္ကသိုလ်မှ လုံခြုံရေးနှင့်ထွန်းသစ်စနည်းပညာဆိုင်ရာစင်တာ၏ လေ့လာချက်၌ ၂၀၁၅ မှ ၂၀၂၁ ခုနှစ်အတွင်း ပြည်နယ်နှင့် ဒေသဆိုင်ရာ အဖွဲ့အစည်းပေါင်း ၁၆၈၁ ခုထက်မနည်းသည် Huawei၊ ZTE၊ Hikvision၊ Dahua နှင့် Hytera တို့မှ စက်ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို ဝယ်ယူခဲ့သည်။

စမတ်ဖုန်းများ၊ စောင့်ကြည့်ကင်မရာများ၊ အပူချိန်တိုင်းပစ္စည်းများ၊ လက်ကိုင်ရေဒီယိုများနှင့် ကွန်ရက်ချိတ်ဆက်ကိရိယာများ စသည့် ပစ္စည်းများအပါအဝင် အရောင်းအဝယ်ပေါင်း ၅ ၇၀၀ ပြုလုပ်ခဲ့ပြီး စုစုပေါင်းဝယ်ယူမှုမှာတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၄၅ ဒသမ ၂ သန်း ရှိသည်ဟု အစီရင်ခံစာ၌ ဖော်ပြထားသည်။

ဖက်ဒရယ်စည်းမျဉ်းများသည် ပြည်နယ်အစိုးရများနှင့်မသက်ဆိုင်သော်လည်း သမ္မတ ဂျိုးဘိုင်ဒင်အစိုးရက နိုင်ငံတော်လုံခြုံရေးကြိုးပမ်းမှုများနှင့် ၎င်းတို့မူဝါဒများကို ချိန်ညှိရန်နှင့် အရေးကြီးသော အခြေခံ အဆောက် အအုံများမှ တရုတ်နည်းပညာပစ္စည်းများကို ဖယ်ရှားရန် ဒေသန္တရခေါင်းဆောင်များအား တိုက်တွန်းထားသည်။

တရုတ်စက်ပစ္စည်းသည် တရုတ်ပိုင်မဟုတ်သော ကုမ္ပဏီမှထုတ်လုပ်သည့် အလားတူပစ္စည်းများထက် ယေဘုယျအားဖြင့် ဈေးသက်သာပြီး ဘဏ္ဍာရေးအကျပ်အတည်းဖြစ်နေသော အစိုးရအေဂျင်စီများအတွက် ရွေးချယ်စရာဖြစ်လာသည်ဟု လေ့လာမှု၌ မှတ်ချက်ပြုထားသည်။

ဖလော်ရီဒါ၊ ဂျော်ဂျီယာ၊ လူဝီစီယားနား၊ တက္ကဆက်နှင့် ဗားမောင့်စသည့် ပြည်နယ်များတွင်သာ နိုင်ငံတော်လုံခြုံရေးအကြောင်းပြချက်ဖြင့် နည်းပညာပစ္စည်းများဝယ်ယူခြင်းနှင့်ပတ်သက်သော စည်းမျဉ်းများကို ပြဋ္ဌာန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required