အမေရိကန်စစ်တပ်၏ မတရားမှုအရှုပ်တော်ပုံ ဓာတ်ပုံ၂၀၀နီးပါးကို ပင်တဂွန် ထုတ်ပြန်

အမေရိကန်စစ်တပ်၏ မတရားမှုအရှုပ်တော်ပုံ ဓာတ်ပုံ၂၀၀နီးပါးကို ပင်တဂွန် ထုတ်ပြန်

ဝါရှင်တန်၊ ဖေဖော်ဝါရီ-၇ ။          ။ ဆယ်စုနှစ်အလွန်က အီရတ်နှင့် အာဖဂန်နစ္စတန်တွင် အမေရိကန်စစ်တပ်က မတရားမှုများ ကျူးလွန်ခဲ့သည်ဟူသော စွပ်စွဲမှုများနှင့် ဆက်နွယ်နေသည့် ဓာတ်ပုံ ၂၀၀နီးပါးကို ပင်တဂွန်က ထုတ်ပြန်ခဲ့သည်။

အမေရိကန် နိုင်ငံသားလွတ်လွတ်ခွင့် သမဂ (ACLU)၏ သတင်းလွတ်လပ်ခွင့် တောင်းဆိုမှုကို တုန့်ပြန်သောအားဖြင့် ဓာတ်ပုံများကို ထုတ်ပြန်ခြင်းဖြစ်သည်ဟု ဆိုသည်။

ဓာတ်ပုံများတွင် အကျဉ်းသားများ၏ လက်မောင်းများနှင့် ခြေထောက်များပေါ်မှ ကန်ကျောက်ထိုးကြိတ်ထားသည့် အညိုအမည်းများ၊ ပြတ်ရှရာများကို ဖော်ပြထားသည်ဟု ဆိုသည်။

အီရတ်၏ အဘူခါရစ်အကျဉ်းထောင်တွင် အမေရိကန်စစ်သားများက အကျဉ်းသားများကို လိင်ပိုင်းအရ စော်ကားပြီး နှိပ်စက်နေသည့် ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ဓာတ်ပုံများ ထွက်ပေါ်လာသည့် ၂၀၀၄ခုနှစ်တွင် မတရားမှု အရှုပ်တော်ပုံ ကျော်ကြားလူသိများလာခဲ့ခြင်းပင် ဖြစ်သည်။

သောကြာနေ့က ထုတ်ပြန်ခဲ့သည့် ဓာတ်ပုံများထဲတွင် အဘူခါရစ် (သို့မဟုတ်) ကျူးဘား၊ ဂွာတာနာမိုဘေး အကျဉ်းထောင်မှ အကျဉ်းသားများ ပါဝင်ခြင်းမရှိဟု ပင်တဂွန်က ပြောကြားခဲ့သည်။  

အမေရိကန်စစ်သားများ၏ မဖွယ်မရာပြုကျင့်မှု စွပ်စွဲချက်များကို သီးခြားလွတ်လပ်သည့် စုံစမ်းစစ်ဆေးမှုများမှ ထွက်ပေါ်လာသည့် ဓာတ်ပုံများဖြစ်သည်ဟု ပင်တဂွန်ပြောခွင့်ရပုဂိုလ်က ပြောကြားခဲ့သည်။

စွပ်စွဲချက် ၁၄ခုကို သက်သေအထောက်အထားများ စစ်ဆေးခဲ့ရာတွင် သက်ဆိုင်သူ စစ်မှုထမ်း ၆၅ယောက်ကို ကန့်ကွက်စာများ ထုတ်ပြန်ခြင်းမှသည် ထောင်တစ်သက် ချမှခြင်းများအထိ အရေးယူမှုများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။ အခြားစွဲချက် ၄၂ခုမှာမူ သက်သေအထောက်အထား မပြနိုင်သေးကြောင်း ပင်တဂွန်ပြောခွင့်ရပုဂိုလ်က ပြောကြားခဲ့သည်။

အမေရိကန်အကျဉ်းထောင်များတွင် မတရားမှုများကို မှတ်တမ်းတင်ထားသည့် ဓာတ်ပုံပေါင်း ၂၀၀၀ကို ထုတ်ပြန်ပေးရန် ACLU က ဆယ်စုနှစ်တစ်ခုကျော် တိုက်ပွဲဝင်အရေးဆိုလာနေခဲ့သည်။ ကျန်ရှိနေသေးသည့် ဓာတ်ပုံပေါင်း ၁၈၀၀ကိုလည်း ထုတ်ပြန်သွားရန် ဆက်လက် အရေးဆိုသွားမည်ဟု ဆိုသည်။

“လျှို့ဝှက်ထားသေးတဲ့ ဓာတ်ပုံတွေဟာ စစ်တပ်အကျဉ်းထောင်တွေမှာ ဖြစ်ပွားနေတဲ့ မတရားမှုကြီးတွေအတွက် အကောင်းဆုံ သက်သေတွေပါပဲ”ဟု ACLU၏ လက်ထောက် ဥပဒေရေးရာ ဒါရိုက်တာ ဂျမီး ဂျက်ဖာက ပြောကြားခဲ့သည်။

“အစိုးရရဲ့ ရွေးနုတ်ထုတ်ပြန်မှုက တကယ့်မတရားမှုရဲ့ အတိုင်းအတာနဲ့ ပတ်သက်လို့ လူထုကို အမြင်လွဲမှားစေပါတယ်”ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

၂၀၀၉ခုနှစ်က အိုဘားမားအစိုးရက ဓာတ်ပုံများကို ထုတ်ပြန်ပေးမည်ဟု သဘောတူခဲ့သော်လည်း စိတ်ပြောင်းသွားကာ အမေရိကန် ဆန့်ကျင်ရေးစိတ်ဓာတ်များ ကြီးထွားလာစေမည့် အကျိုးမရှိသည်လုပ်ရပ်ဟု ပြောဆိုပြီး ထုတ်ပြန်ပေးခြင်းမရှိခဲ့ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required