ရုရှထိန်းချုပ်ထားသော နယ်မြေအားလုံးကို ပြန်လည်တိုက်ခိုက်သိမ်းပိုက်မည်ဟု ယူကရိန်းသမ္မတ ပြော

ရုရှထိန်းချုပ်ထားသော နယ်မြေအားလုံးကို ပြန်လည်တိုက်ခိုက်သိမ်းပိုက်မည်ဟု ယူကရိန်းသမ္မတ ပြော

ဇွန် ၈

ယူကရိန်းနိုင်ငံ အရှေ့ပိုင်း ဆီဗာရိုဒိုနက်စ်မြို့တွင် ယူကရိန်းတပ်ဖွဲ့များသည် လမ်းတစ်လမ်းချင်းအလိုက် ရုရှတပ်များကို အပြင်းအထန် ဆက်လက်ကြံ့ကြံ့ခံ ခုခံတိုက်ခိုက်နေဆဲဖြစ်သည်။ အခြေအနေသည် ခက်ခဲနေသည် ဆိုသော်လည်း ရုရှတို့ ထိန်းချုပ်သွားနိုင်သော နယ်မြေများကို ပြန်လည် သိမ်းပိုက်သွားမည်ဟု ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးက ကတိပြုသည်။

စက်မှုမြို့ကို ထိန်းချုပ်နိုင်ရေး ရက်များစွာကြာ တိုက်ပွဲက အခရာအဖြစ် ပေါ်ထွက်ထားခဲ့သည်။ ရုရှသည် ယူကရိန်းအရှေ့ပိုင်းရှိ ရုရှစကားပြော ခွဲထွက်ရေးသမားများကိုယ်စား လူဟန့်ဒေသကို အပြည့်အဝ သိမ်းယူရေး ဆိုသည့် ထုတ်ဖော်ကြေညာထားသည့် ရည်မှန်းချက်များအနက် တစ်ခုကို အောင်မြင်နိုင်ရေး မျှော်လင့်ရင်း ယင်း၏ ထိုးစစ်ကို အာရုံစိုက်နေခဲ့သည်။

“ကျွန်တော်တို့ရဲ့ နယ်မြေအားလုံးကို အပြည့်အဝ ပြန်လည် သိမ်းယူထိန်းချုပ်နိုင်ဖို့ ကျွန်တော်တို့ လုပ်သွားမှာပါ” ဟု ဇယ်လန်စကီးက အင်္ဂါနေ့တွင် ဗြိတိန်၏ Financial Times သတင်းစာက စီစဉ်သော ပွဲအခမ်းအနားတစ်ခုတွင် ဗီဒီယိုလင့်ကနေတစ်ဆင့် ပြောသည်။

မော်စကို ကို “အရှက်ရစေအောင်” မလုပ်မိရန် အရေးကြီးသည် ဆိုသည့် ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်၏ မှတ်ချက်စကားများနှင့် ပတ်သက်ပြီး မေးမြန်းမှုကို ဇယ်လန်စကီးက ဖြေကြားရာတွင် “ကျွန်တော်တို့ကတော့ ဘယ်သူ့ကိုမှ အရှက်ရအောင် လုပ်သွားမှာ မဟုတ်ပါဘူး၊ ကျွန်တော်တို့ဟာ ဒီအတိုင်း တုံ့ပြန်သွားနေတာပါ” ဟု ပြောသည်။ မက်ခရွန်၏ စကားများက တောင်းဆိုချက်အချို့ကို လက်ခံရလိမ့်မည်ဟု စောင်းပါးရိတ်ခြည် ရည်ညွှန်းခြင်းဖြစ်သည်ဟု ယူကရိန်းတွင် အဓိပ္ပါယ်ဖွင့်ထားသည်။

ယူကရိန်း ခုခံတိုက်ခိုက်သူများသည် ဆီဗာရိုဒိုနက်စ် မြို့လယ်တွင် ရုရှတိုက်ခိုက်မှုကို ခက်ခက်ခဲခဲ တွန်းလှန်နေခဲ့ရသည်ဟု လူဟန့်စ်ဒေသ အုပ်ချုပ်ရေးမှူး ဆာဟီ ဂိုင်ဒိုင်က ပြောသည်။

ဆီဗာရိုဒိုနက်စ်၊ လက်ဆိုင်ဟန့်စ် နှင့် ပိုပက်စ်နာ တို့သည် အခက်ခဲဆုံး နေရာများအဖြစ် ရှိနေဆဲဖြစ်ကြောင်း ဇယ်လန်စကီးက အင်္ဂါနေ့တွင် ပြောသည်။

ရုရှက ယင်း၏ တပ်ဖွဲ့များသည် ရှေ့သို့ ထိုးစစ်ဆင်ချီတက်ထားနိုင်ခဲ့သည်ဟု ပြောသည်။ တစ်ချိန်တည်းမှာပင် ဒွန်ဘတ်စ်ဒေသတွင် “သူရဲကောင်းဆန်စွာ ခုခံတိုက်ခိုက်မှု” က ဆက်ရှိနေကြောင်း ဇယ်လန်စကီးက ပြောသည်။ မြေပြင် အခြေအနေကို ရိုက်တာအနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိပေ။

ကိယက်ဗ်နှင့် ခါကိဗ် တို့ကနေ ပြန်လည် ဆုတ်ခွာပြီးနောက် ရုရှတပ်များသည် ရုရှနယ်စပ်နှင့် အနီးဆုံးဖြစ်ပြီး လူဟန့်စ်နှင့် ဒွန်နက်စ် ဒေသများ ရှိသည့် ဒွန်ဘတ်စ်ဟု သိကြသော ဒေသတစ်ခုလုံးကို ပြောင်းလဲ အာရုံစိုက်ထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required