တရုတ်စူပါလိဂ်မှ ကမ်းလှမ်းခဲ့ဖူးသည်ဟု ချယ်လ်ဆီးနည်းပြ ဟစ်ဒင့်ဆို

တရုတ်စူပါလိဂ်မှ ကမ်းလှမ်းခဲ့ဖူးသည်ဟု ချယ်လ်ဆီးနည်းပြ ဟစ်ဒင့်ဆို

ဖေဖော်ဝါရီ ၆၊ လန်ဒန်။              ။ ငွေကြေးများစွာသုံးစွဲနေသည့် တရုတ်စူပါလိဂ်မှ ကမ်းလှမ်းခဲ့ဖူးသည်ဟု ချယ်လ်ဆီးနည်းပြ ဟစ်ဒင့်က ပြောဆိုလိုက်သည်။ အသက် ၆၉ နှစ်ရှိ နယ်သာလန်လူမျိုး နည်းပြသည် ဒီဇင်ဘာတွင်မော်ရင်ဟိုလက်ထဲမှာ ချယ်လ်ဆီးအသင်းကိုလွှဲပြောင်းတာဝန်ယူခဲ့သော်လည်း တရုတ်တွင် နည်းပြခွင့်ရရန် အခွင့်အရေးရှိခဲ့ခြင်းဖြစ်သည်။

"အဲဒီကိုရောက်ဖို့ အခွင့်ရေးရခဲ့ဖူးတယ်"ဟု ချယ်လ်ဆီးအသင်းနှင့်အတူ ရှုံးပွဲမရှိသေးသည့် ဟစ်ဒင့်ကပြောသည်။ ချယ်လ်ဆီးအသင်းသည် ပြီးခဲ့သည့်လက ကွင်းလယ်ကစားသမားရာမီးယက်စ်ကို ကျန်းစု ဆုနင်အသင်းသို့ ပေါင် ၂၅ သန်းဖြင့်ရောင်းချထားသည်။

ယင်းအသင်းကို ချယ်လ်ဆီးနောက်ခံလူဟောင်း ပီထရက်စကူကိုင်တွယ်နေသကဲ့သို့ အင်္ဂလန်နည်းပြဟောင်း အဲရစ်ဆင်၊ ဘရာဇီးနည်းပြ ဟောင်း စကိုလာရီတို့လည်း တရုတ်လိဂ်တွင် နည်းပြလုပ်နေကြ သည်။

ကိုလံဘီယာတိုက်စစ်မှူး မာတီနက်ဇ်သည်လည်း အက်သလက်တီကိုမှ ကွမ်ကျိုးအဲဗားဂရန်ဒီသို့ ပေါင် ၃၁ သန်းဖြင့်ပြောင်းရွှေ့ခဲ့သည်။ ထို့ပြင် ၁၀ ရက်အတွင်းမှာပင် တရုတ်စံချိန်တင်ပြောင်းရွှေ့ကြေးကို သုံးကြိမ်မြောက်ချိုးဖျက်မှုအဖြစ် လီဗာပူးလ်၏ပစ်မှတ် ဘရာဇီး ကွင်းလယ် ကစားသမား တီဆီရာသည် ကျန်းစု ဆုနင်အသင်းသို့ ပေါင် ၃၈ ဒသမ ၄ သန်းဖြင့် ပြောင်းရွှေ့ခဲ့သည်။

တရုတ်စူပါလိဂ်၏အပြောင်းအရွှေ့အသုံးစရိတ်သည် ပြီးခဲ့သည့်ဇန်နဝါရီလက ပေါင် ၁၇၅ သန်းသုံးထားသည့် ပရီးမီးယားလိဂ်ထက်ပင် ပိုများနေခဲ့သည်။ သို့သော်လည်း ဟစ်ဒင့်က အင်္ဂလိပ် ပရီးမီးယားလိဂ်သည် ကမ္ဘာလုံးဆိုင်ရာပိုမိုအောင်မြင်ပြီး ပြည်တွင်း၌ပေါင် ၅ ဘီလီယံတန်ဖိုးရှိ ရုပ်သံ ထုတ်လွှင့်ခွင့်စာချုပ်သစ်ကြောင့် ဘဏ္ဍာရေးပိုတောင့်လာဦးမည်ဟု ဆိုသည်။

"တစ်ကမ္ဘာလုံးဘယ်နေရာရောက်ရောက် ပရီးမီးယားလိဂ်က လူတွေကိုပိုပြီးဆွဲဆောင်နိုင်တာကို တွေ့ရမှာပါ။ တောရောမြို့ပါမကျန် ပရီးမီးယားလိဂ်ကို စလောင်းကနေ ပြနေကြတယ်"ဟု ဟစ်ဒင့်ကပြောသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required