ဒီမိုကရေစီ ခရီးကြမ်း ဒေါ်စု ဆက်မလှမ်းတော့ဘူးလား

ဒီမိုကရေစီ ခရီးကြမ်း ဒေါ်စု ဆက်မလှမ်းတော့ဘူးလား

လွတ်လပ်သည့် အာရှအသံ (မြန်မာပိုင်း) နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အမေးအဖြေ ကဏ္ဍကို နှစ်ပတ်တစ်ကြိမ် ကြာသပတေးနေ့ နံနက်တိုင်း ထုတ်လွှင့်နေကျ ဖြစ်သော်လည်း ဇန်ဝါရီလ ၂၈ ရက် ကြာသပတေးနေ့ နံနက်ပိုင်းတွင် ထုတ်လွှင့်မသွားခဲ့သည်ကို တွေ့ရှိရသည်။

“ဒီမိုကရေစီ ခရီးကြမ်းနှင့် ဒေါ်အောင်ဆန်းစုကြည်”ဟု အမည်ပေးထားသည့် အစီအစဉ်ကို ထုတ်လွှင့်ခဲ့သည်မှာ ကာလ ကြာမြင့်ပြီဖြစ်သော်လည်း ဇန်နဝါရီ ၂၈ ရက်တွင် ထိုအစီအစဉ်မပါရှိခြင်းဖြစ်သည်။

နိုဝင်ဘာ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပြီး အစိုးရဖွဲ့စည်းတော့မည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ဥက္ကဋ္ဌလည်းဖြစ်၊ လက်ရှိလွှတ်တော်၏ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ၏ ဥက္ကဋ္ဌလည်း ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့် လွတ်လပ်သည့် အာရှအသံတို့ တွေ့ဆုံမေးမြန်းမှု မထုတ်လွှင့် ဖြစ်ခဲ့သည့် အကြောင်းရင်းကိုမူ မသိရှိရသေးပါ။

လွတ်လပ်သည့် အာရှအသံ၏ ထုတ်လွှင့်မှုများတွင် တစ်ပတ်အတွင်း ထူးခြား ဖြစ်စဉ်နှင့် သတင်းများအပေါ်မူတည်လျက် စီစဉ်တင်ဆက်သူ ဦးခင်မောင်စိုးက ဒေါ်အောင်ဆန်းစုကြည်၏ အမြင်နှင့် ထင်မြင်ချက်များကို မေးမြန်း တင်ဆက်ခြင်းဖြစ်သည်။

အစီအစဉ်သည် နိုင်ငံရေး၊ လူမှုရေး၊ ကျန်းမာရေးမှအစ ပညာရေးအထိ အများပြည်သူတို့ သိလိုသည့်မေးခွန်းများကို ဒေါ်အောင်ဆန်းစုကြည်နှင့် တိုက်ရိုက် မေးမြန်းတင်ဆက်သည့် အစီအစဉ်လည်းဖြစ်သည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၄ ရက်က လွတ်လပ်သည့် အာရှအသံ၏ နောက်ဆုံး ထုတ်လွှင့်ခဲ့သော “ဒီမိုကရေစီ ခရီးကြမ်းနှင့် ဒေါ်အောင်ဆန်းစုကြည်” အစီအစဉ်တွင် မင်္ဂလာဈေး မီးလောင်မှုနှင့် ပတ်သက်သည့် အမြင်နှင့် သူဦးဆောင်သည့် ပါတီတွင်း အခြေအနေကို ပြောဆိုရာတွင် ဝန်ကြီးနေရာ တောင်သူများနှင့် ပတ်သက်၍ “အဲ့ဒီရောဂါက ဟိုတည်းက ရှိခဲ့တာ၊ ဟိုး ၈၈လောက်ကတည်းက အဲ့ဒီရောဂါကို သတိပြုမိတယ်” ဟု ပြောဆိုခဲ့သေးသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် ယင်း၏ မူဝါဒ၊ အသွင်ကူးပြောင်းရေးဆိုင်ရာ ကိစ္စများနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည် တစ်ဦးတည်းသာ ပြောဆိုခွင့်ရှိကြောင်း ဇန်နဝါရီ ၂၂ ရက်တွင် ထုတ်ပြန်ထားသည်။

ထုတ်ပြန်ချက်တွင် “ယခု လက်ရှိအခြေအနေတွင် သိမ်သိမ်မွေ့မွေ့နှင့် လုပ်ကိုင် ဆောင်ရွက်ရသည့် အချိန်ကာလ ဖြစ်ပါသည်။ သို့ပါ၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ မူဝါဒများ အသွင်ကူးပြောင်းရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျက်၍ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌမှတစ်ပါး အခြားပုဂ္ဂိုလ်များအနေဖြင့် ပြောရေးဆိုခွင့် မရှိ” ဟု ပါရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required