စစ်တပ်နားလည်တဲ့ ဘာသာစကား (သို့မဟုတ်) ဓားကို ဓားချင်း၊ လှံကို လှံချင်း (ဆောင်းပါး)

By လင်းခေတ်
08 August 2021
 စစ်တပ်နားလည်တဲ့ ဘာသာစကား (သို့မဟုတ်) ဓားကို ဓားချင်း၊ လှံကို လှံချင်း (ဆောင်းပါး)
Photo - EPA

ဩဂုတ် ၈

၂၀၁၀ရွေးကောက်ပွဲကျင်းပမည်ဆိုတော့ စိတ်လွတ်ကိုယ်လွတ်ပြည်ခိုင်ဖြိုးပါတီအနိုင်ရရှိရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သေချာပေါက်ရွေးကောက်ပွဲမဝင်ရလေအောင် ရွေးကောက်ပွဲဥပဒေ ဖြင့်ကန့်သတ်ခဲ့သည်။ပြီးတော့ ပြည်ခိုင်ဖြိုးနှင့်စစ်တပ်လက်ဝေခံပါတီများချည်း ရွေးကောက်ပွဲဝင်ပြိုင်ခဲ့လျှင် သိပ်ဗြောင်ကျလွန်းနေမှာမို့ အများအမြင်တွင် ကြည့်ပျော်ရှုပျော်ရှိရလေအောင် ချိချိနဲ့နဲ့ အတိုက်အခံပါတီလေး နည်းနည်းထည့်။

ရွေးကောက်ပွဲစောင့်ကြည့်အဖွဲ့များလက်မခံ။နိုင်ငံတကာသံတမန်များ လေ့လာချင်သပဆိုလျှင်လည်း ထားရာနေ၊စေရာသွား၊ပြတာကြည့်၊ပြန်မယ်ဆိုပြန်၊မေးခွန်းတွေမများနဲ့ပုံစံမျိုး။မီဒီယာများကတော့ ခပ်လှမ်းလှမ်းနေရာကနေ မဲရုံကို ဓာတ်ပုံခိုးရိုက်နိုင်လျှင် ကျေနပ်ရသည့်ဘဝ။ပြီးတော့ အပေါ်ယံရှပ်ရှပ် မေးထားသမျှပင်လျှင် စာပေကင်ပေတိုင်အဖွဲ့၏ ခုတ်ထစ်မှုဒဏ် ပြင်းပြင်းထန်ထန်ခံရသဖြင့် ၂၀၁၀ရွေး ကောက်ပွဲကျင်းပနေပါသည်ဟု ဖော်ပြနိုင်ရုံမျှ။

ထိုသို့ဖြင့် စစ်အစိုးရကျင်းပပြီး စစ်အစိုးရခန့် စစ်ဗိုလ်ချုပ်က ဒိုင်လူကြီးလုပ်ကာ စစ်အစိုးရ ပါတီ ပြည်ခိုင်ဖြိုးက အစစအရာရာအသာစီးရခဲ့သည့်တိုင် ကြိုတင်မဲဆိုတာကြီးက ကမ္ဘာ့အဆင့်ကျော်ကြားခဲ့သည်။ ည ဘက်မဲရေတုန်းကနိုင်ပြီး နောက်တစ်နေ့နံနက်ကျတော့ ဘယ်ကရောက်လာမှန်းမသိသော ကြိုတင်မဲကြောင့် ရှုံးနိမ့်ခဲ့သည့်အမတ်လောင်းတို့သည်  မနည်း။

ထိုအချိန်က လက်သီးလက်မောင်းတန်းခဲ့ပြီးယခု မင်းအောင်လှိုင်၏ခြေတော်ရင်းရောက်နေသူ  ဒီမိုကရေစီပြောင်းပြန် ဦးသိန်းညွန့်သည်လည်း ၂၀၁၀ရွေးကောက်ပွဲညက ကြိုတင်မဲဆိုတာကြီးကိုကြောက်ပြီး အိမ်ပြန်မအိပ်နိုင်ရှာ။မဲပုံးများအနီး ငုတ်တုတ်ထိုင်စောင့်ကာ မိုးလင်းခဲ့ရဖူးသည်။
 
ထိုသို့ မပြိုင်ခင်ကတည်းက ပြည်ခိုင်ဖြိုးနိုင်နေပြီး အလုံပိတ်ကျင်းပခဲ့သော ၂၀၁၀ရွေးကောက်ပွဲကို  လွတ်လပ်မျှတခဲ့သည်ဟု စစ်အစိုးရက ကိုယ့်ကိုယ်ကိုယ်အမှတ်ပေးကာ ကားလိပ်မြန်မြန်ချခဲ့သည်။
 
ထို့နောက်၂၀၁၅ရွေးကောက်ပွဲကျင်းပပြန်တော့ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌမှာ ၂၀၀၈ခြေဥအရ ပြည်ခိုင်ဖြိုးအစိုးရခန့်၊၂၀၁၀ရွေးကောက်ပွဲအနိုင်ရပြည်ခိုင်ဖြိုးအမတ်၊ပြီးတော့ စစ်ဗိုလ်ချုပ်ဟောင်း။ ရွေး ကောက်ပွဲမတိုင်မီ မဲစာရင်းအမှားအယွင်းများစွာ။မဲစာရင်းမှားယွင်းနိုင်သည်ဟုလည်းအတိ အလင်းပြောကြား ခဲ့။ခြေဥက တားမြစ်ထားသော လူမျိုးဘာသာအခြေပြုရွေးကောက်ပွဲစည်းရုံးမှုများကို မသိချင်ယောင် ဆောင်ခဲ့သော် လည်းပြည်တွင်း၊ပြည်ပရွေးကောက်ပွဲစောင့်ကြည့်အဖွဲ့များနှင့်မီဒီယာတို့၏ရှေ့မှောက်တွင် ပွင့်လင်းမြင်သာစွာ  ၂၀၁၅ရွေးကောက်ပွဲကို ကျင်းပနိုင်ခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပြတ်ပြတ်သားသားအနိုင်ရရှိခဲ့သည်။ဒိုင်လူကြီးသည်ပြည်ခိုင်ဖြိုးအစိုးရခန့်ဖြစ်ပြီး ပြည်ခိုင်ဖြိုးအစိုးရလက်အောက်တွင်ကျင်းပသောရွေးကောက်ပွဲမို့ ဒိုင်လူကြီးဘက်လိုက်ပါသည် ဟု မပြောနိုင်။ထို့ကြောင့် မပေးချင်သောအာဏာကို မျက်နှာပျက်ပျက်ဖြင့် ပေးခဲ့ရသည်။
 
၂၀၂၀ရွေးကောက်ပွဲသည်လည်း ၂၀၁၅နည်းတူ ပြည်တွင်း၊ပြည်ပရွေးကောက်ပွဲစောင့်ကြည့်အဖွဲ့ များနှင့်မီဒီယာများရှေ့မှောက်တွင် ပွင့်လင်းမြင်သာစွာကျင်းပခဲ့သည်။ကိုဗစ်ကာလအတွင်း ကျင်းပရသော ရွေးကောက်ပွဲဖြစ်ခြင်းကြောင့် နိုင်ငံရေးပါတီတိုင်းဆတူ စိတ်ရှိတိုင်းစည်းရုံးရေးမဆင်းနိုင်တာကလွဲ ၂၀၁၅ ကဲ့သို့ပင် မဲစာရင်းအမှားအယွင်းရှိတာကလွဲ လွတ်လပ်မျှတသောရွေးကောက်ပွဲဖြစ်ကြောင်း နိုင်ငံတကာအ သိအမှတ်ပြုခဲ့သည်။ရွေးကောက်ပွဲဖြစ်စဉ်တစ်ခုလုံးကို ထိခိုက်စေသည့် အရေးအကြောင်း တစ်စုံတစ်ရာမ ရှိဟု ပြည်တွင်း၊ပြည်ပရွေးကောက်ပွဲစောင့်ကြည့်အဖွဲ့များအားလုံးက တညီတညွတ်တည်း အတည်ပြုခဲ့သော ရွေးကောက်ပွဲလည်းဖြစ်သည်။
 
ပြည်ပရွေးကောက်ပွဲစောင့်ကြည့်အဖွဲ့များတွင် နိုင်ငံတကာရွေးကောက်ပွဲများစွာကိုစောင့်ကြည့်ခဲ့ သောကမ္ဘာ့အဆင့်သမာရင့်အဖွဲ့များပါသလို စောင့်ကြည့်အဖွဲ့အားလုံးသည် နိုင်ငံတကာသတ်မှတ်စံ၊စနစ်အ တိုင်း စောင့် ကြည့်ခဲ့ခြင်းဖြစ်၍ စောင့်ကြည့်အဖွဲ့တို့၏မှတ်ချက်အပေါ် နိုင်ငံတကာဒီမိုကရေစီအစိုးရများက အသိအမှတ်ပြုကြသည်။ထို့ပြင် ကိုဗစ်သည်းထန်ကာလတွင်ပင် မဲပေးပြည်သူ ပိုမိုများပြားခဲ့ခြင်းကြောင့် မြန်မာပြည်သူတို့၏ဒီမိုကရေစီစိတ်ဓာတ်ကို နိုင်ငံတကာကပင် ဂုဏ်ယူခဲ့ကြသည်။

၂၀၁၅ရွေးကောက်ပွဲရလဒ်ထက်ပိုမို အနိုင်ရခဲ့သောကြောင့် ၂၀၂၀ရွေးကောက်ပွဲသည် သောင်ပြို ကမ်းပြိုတင်မက မိုးပြိုသလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရခဲ့သောရွေးကောက်ပွဲဖြစ်သည်။ထို့ပြင် မြန်မာ့နိုင်ငံရေး နယ်ပယ်တွင်ပြည်ခိုင်ဖြိုးပါတီ ပွဲပြီးသွားပြီဖြစ်ကြောင်း သက်သေပြလိုက်သည့်ရွေးကောက် ပွဲဖြစ်သလို စစ်တပ်အပိုင်စီးထားသော၂၅ရာခိုင်နှုန်းသည် တိုင်းပြည်အာဏာရယူရန် လုံလောက်သော ရာခိုင်နှုန်းမဟုတ် ကြောင်းသက်သေပြလိုက်သည့်ရွေးကောက်ပွဲလည်းဖြစ်သည်။
 
သို့သော်၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နှစ်ကြိမ်ဆက် ပြတ်ပြတ်သားသားအနိုင်ရရှိမှုသည် အနာ ဂတ်ဒီမိုကရေစီအတွက် ယုံကြည်မှုပိုကြီးလာစေသော်လည်း နိုင်ငံရေးတွင် စစ်တပ်ပါဝင်နေမှုကိုကာယကံ မြောက်လျှော့ချရန် လမ်းပွင့်သွားသည်တော့မဟုတ်ပေ။နောက်တစ်မျိုးဆိုရသော် လွှတ်တော်တွင်း စစ်တပ် ၂၅ရာခိုင်နှုန်း ဝင်ရောက်မောက်မာနေမှုနှင့် စစ်တပ်လက်ခံမှ ခြေဥပြင်ဆင်နိုင်မည့်အခြေအနေကို ပြောင်းလဲ နိုင်စွမ်းတော့မရှိသေးပေ။ပြောရလျှင် ၂၀၀၈ခြေဥ၏ အညွန့်အဖူးဖြစ်သော စစ်တပ်သည် ဘယ်ပါတီဘယ် လောက်နိုင်နိုင် အထိုင်မပျက်ပေ။
 
သို့သော်၊မင်းအောင်လှိုင်နှင့်အပေါင်းအပါတစ်စုက အာဏာသိမ်းလိုက်သည်။စစ်တပ်၏အရိုက်အရာမကျပါဘဲ ဘာ့ကြောင့်အာဏာသိမ်းရသလဲဆိုတော့ နောင်တက်လာမည့်တပ်ချုပ်အသစ်သည် သူပြီး၊ပြီးမည့် သူကို ခန့်အပ်၍မရခြင်းကြောင့်ဖြစ်သည်။ထို့ကြောင့်မင်းအောင်လှိုင်ပင်စင်ယူပြီးနောက် အာဏာလက်မဲ့ ဘဝသို့ရောက်ချိန်တွင် ၎င်းက ဗိုလ်သန်းရွှေကိုစောင့်ရှောက်ခဲ့သလို တပ်ချုပ်သစ်က စောင့်ရှောက်ရန် မှာ မဖြစ်နိုင်။ထို့ကြောင့် ၎င်းနှင့်မိသားစုဝင်တို့၏  ကြီးပွားထားသမျှကို စိတ်ချလက်ချဖြစ်ရန်တစ်ခုတည်းသော နည်းလမ်းမှာ  အာဏာသိမ်းခြင်းပင်ဖြစ်သည်။
 
အာဏာသိမ်းပြီးသည်နှင့် တပ်ချုပ်တာဝန်ထမ်းဆောင်ခွင့် အသက်၆၅နှစ်ကန့်သတ်ချက်ကို ပယ် ဖျက်လိုက်သည်။ဆန့်ကျင်ပြည်သူ မှန်သမျှကို ပြတ်ပြတ်သားသားသတ်ပစ်လျက်ရှိသည်။ယနေ့ထိတိုင် အစိုးရတစ်ရပ်အဖြစ် အသိအမှတ်ပြု ဆက်ဆံသည့်နိုင်ငံမရှိသည့်တိုင် မည်သူ့ကိုမျှ ဂရုမစိုက်သည့်အ ပေါက်မျိုးချိုးပြသည်။ဇူလိုင်၂၆ရက်နေ့တွင် မြန်မာရောကမ္ဘာပါလက်ခံထားသော ၂၀၂၀ရွေးကောက်ပွဲရ လဒ်ကို ပယ်ဖျက်ကြောင်း ကြေညာခဲ့သည်။ ယင်းကြေညာချက်ကို နောက်တစ်မျိုးဖွင့်ဆိုရသော် အာဆီ ယံ၏ညှိနှိုင်းရေးမူကိုပင်လက်မခံဘဲ ကိုယ့်လမ်း ကိုယ့်ဘာသာဆက်ဖောက်မည်ဖြစ်ကြောင်း နိုင်ငံတကာသို့ သတင်းပေးပို့လိုက်ခြင်းလည်းဖြစ်သည်။(မြန်မာ့အရေးအာဆီယံအထူးသံတမန်ခန့်အပ်ခြင်းကို စစ်ကောင်စီ ကလက်ခံလိုက်ခြင်းသည် ပူးပေါင်းချင်ယောင်ဆောင်၊ဆွေးနွေးချင်ယောင်ဆောင်သောနည်းဖြင့် ကမ္ဘာကို ချူဆီထည့်နေခြင်းဖြစ်သည်။)

နောက်ထပ်ခြေလှမ်းအဖြစ် မင်းအောင်လှိုင်အကြောက်ကြီးကြောက်နေရရှာသော ဒေါ်အောင်ဆန်း စုကြည်အပါအဝင်ခေါင်းဆောင်များကို ထောင်ချကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို လုံးဝဖျက်သိမ်းရေး ဖြစ်သည်။ပြီးလျှင် တိုင်းပြည်ကိုတရွတ်တိုက်ဆွဲခေါ်ကာ ၂၀၁၀ကဲ့သို့သောရွေးကောက်ပွဲ ထပ်မံကျင်း ပ။ထိုရွေး ကောက်ပွဲမှသည် မင်းအောင်လှိုင်သမ္မတအဖြစ်။ဆက်လက်ပြီး ဘယ်ပါတီ ဘယ်လောက်နိုင်နိုင် စစ်ခေါင်း ဆောင်များသာ တိုင်းပြည်အာဏာကိုဦးဆောင်ကိုင်တွယ်ခွင့်ရှိသော ရွှေရည်စိမ်ဒီမိုကရေစီ အုတ်မြစ်ချပွဲ။

မင်းအောင်လှိုင်က ၎င်း၏သမ္မတရူးအိပ်မက်ကို ထိုသို့ လှလှပပ ဖွဲ့နွဲ့လျက်ရှိသည်။သို့သော်၊ပြည်သူ မပါသော အဖွဲ့အနွဲ့။အာဏာသိမ်းကာလခြောက်လကျော်အချိန်ထိ အခြေခံအုပ်ချုပ်ရေးအဆင့်ပင်မထူ ထောင်နိုင်။ကိုဗစ်ရောဂါသည်းထန်နေသည့်တိုင် ပြည်သူတို့က ရွံရှာမုန်းတီးမှုပြင်းစွာဖြင့် ဆန့်ကျင်တိုက်ပွဲ ဝင်နေဆဲ။နိုင်ငံတကာသံတမန်ရေးနယ်ပယ်တွင်လည်း စစ်ကောင်စီတို့ခမျာ မည်သူ့ကိုမျှ မော်မကြည့်ရဲ လောက်အောင် အလဲလဲအကွဲကွဲ။

မင်းအောင်လှိုင်ကမည်သို့ဆိုစေ၊၂၀၀၈ခြေဥသည် အာဏာသိမ်းခဲ့သည့်ဖေဖေါ်ဝါရီ၁ရက်နေ့တွင်ပင် ပျက်ပြယ်သွား ခဲ့ပြီဟု ပြည်သူတို့ လက်ခံထားသည်။၂၀၀၈ခြေဥအောက်က မည်သည့်ညှိနှိုင်းမှုမျိုးကိုမဆို ပြည်သူတို့ လက်မခံတော့။ မင်းအောင်လှိုင်ရွေး ချယ်ခဲ့သလို ဓားကိုဓားချင်း၊လှံကိုလှံချင်း။မြန်မာမြေပေါ်တွင် မြန်မာတည်သ၍ စစ်အာ ဏာရှင်စနစ်လုံး၀ ပျက်သုန်းစေရမည်ဆိုသည့်စိတ်ဓာတ်ဖြင့် ပြည်သူတို့ တိုက်ပွဲ ဝင်လျက်ရှိသည်။

လက်ရှိအာဏာရှင်ဆန့်ကျင်ရေးတိုက်ပွဲသည် နိုင်ငံရေးအယူအဆကွဲပြားခြင်းမဟုတ်။လက်နက် အားကိုးဖြင့် ပြည်သူ့အာဏာကို လုယက်ဗိုလ်ကျလိုသူများအား သုတ်သင်ရှင်းလင်းပွဲဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required