ဓနုဖြူမြို့မှာ မီးသင်္ဂြိုဟ်စက်ပျက်နေတာကြောင့် ကိုဗစ်နဲ့သေဆုံးသူတွေကို မြေမြုပ်သင်္ဂြိုဟ်နေရ

ဓနုဖြူမြို့မှာ မီးသင်္ဂြိုဟ်စက်ပျက်နေတာကြောင့် ကိုဗစ်နဲ့သေဆုံးသူတွေကို မြေမြုပ်သင်္ဂြိုဟ်နေရ

ဇူလိုင် ၂၈

ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့မှာ ဦးဖိုးမြဲသုသာန်က မီးသင်္ဂြိုဟ်စက်အပူရှိန်လွန်ပြီး ပျက်စီးသွားတာကြောင့် ကိုဗစ်-၁၉နဲ့ သေဆုံးသူတွေအပါအဝင် အခြားရောဂါတွေနဲ့ သေဆုံးသူတွေကိုပါ ကျင်းတစ်ခုတူးပြီး စုပေါင်းမြေမြုပ်သင်္ဂြိုဟ်ပေးနေရတယ်လို့ သိရပါတယ်။

ဦးဖိုးမြဲသုသာန်က မီးသင်္ဂြိုဟ်စက်ဟာ ဇူလိုင်လ ၂၆ရက်နေ့က အပူရှိန်လွန်ကဲပြီး လောင်မီးတိုက် အုတ်နံရံ ပွင့်ထွက်သွားခဲ့တာဖြစ်ပါတယ်။ ပြန်လည်ပြုပြင်ဖို့အတွက် အနည်းဆုံး ၄ရက်လောက် ကြာမြင့်မှာဖြစ်လို့ ပြုပြင်နေစဉ်ကာလအတွင်းမှာ အခုလို စုပေါင်း မြေမြုပ်သင်္ဂြိုဟ်နေရခြင်းဖြစ်ပါတယ်။

“သေဆုံးတာတွေက အရမ်းများနေတော့ အရင်လိုမဟုတ်ဘူးလေ စက်က လိုတာထက်ပိုပြီး လည်နေရတော့ ကြာတော့ နံရံတွေက မခံနိုင်ဘဲ ပွင့်သွားတာ ၃ပေပတ်လည်လောက်ရှိမယ်၊ ချက်ခြင်းပြင်လို့လည်း မရဘူး။ အပူရှိန်က အရမ်းများနေတော့ ပြင်ပြီးရင်လည်း ချက်ခြင်းသုံးလို့ မဖြစ်နိုင်တာမို့ မြေမြုပ်ရတာ၊ မြေမြုပ်တယ်ဆိုပြန်လည်း အဆင်မပြေပြန်ဘူးဗျ။ တစ်ယောက်ချင်း ဘယ်လိုမှ မလုပ်ပေးနိုင်ဘူး။ စုပေါင်းပြီး ကျင်းကြီးတူးပြီး သင်္ဂြိုဟ်ရတာပဲ”လို့ ဒေသခံ ပရဟိတအဖွဲ့တစ်ခုမှ အဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

ဓနုဖြူမြို့မှာ ဦးဖိုးမြဲသုသာန်နဲ့ ရွှေရောင်ပြသုသာန်ဆိုပြီး နှစ်ခုရှိပေမဲ့ ရွှေရောင်ပြသုသာန်ဟာ နယ်မြေကျဉ်းမြောင်းတာမို့ ဦးဖိုးမြဲသုသာန်ကိုသာ အသုံးပြုမှု ပိုမိုများပြားပါတယ်။

ဓာတ်ပုံ-အဖြူရောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required