“လယ်သမားဝန်ကြီးဌာန” အသစ်ဖွဲ့ရန် NLD အစိုးရကို တိုက်တွန်းမည်ဟု ပြည်ခိုင်ဖြိုး ဥက္ကဋ္ဌ ပြော

“လယ်သမားဝန်ကြီးဌာန” အသစ်ဖွဲ့ရန် NLD အစိုးရကို တိုက်တွန်းမည်ဟု ပြည်ခိုင်ဖြိုး ဥက္ကဋ္ဌ ပြော
ဓာတ်ပုံ- USDP

နေပြည်တော်(မေလ ၂ဝရက်၊ ၂၀၁၉ခုနှစ်)။     ။ မြန်မာ့လူဦးရေ၏ ရဝရာခိုင်နှုန်းကျော်ရှိသည့် တောင်သူလယ် သမားများအတွက် “တောင်သူလယ်သမားရေးရာဝန်ကြီးဌာန” ဟူသည့် ဝန်ကြီးဌာနအသစ်တစ်ခုကို ဖွဲ့စည်း ရန် လွှတ်တော်မှတစ်ဆင့် အစိုးရကို တိုက်တွန်းသွားမည်ဟု အတိုက်အခံပါတီဖြစ်သော ပြည်ခိုင်ဖြိုးပါတီ ၏ ဥက္ကဋ္ဌ ဦးသန်းဌေးက ပြောကြားလိုက်သည်။

“မိမိတို့ကိုယ်တိုင် လွှတ်တော်ထဲမှာ အင်အားစုတစ်ခုရှိနေတဲ့ ပါတီအနေနဲ့ တိုက်တွန်းမှာ၊ အဆိုတင်မှာပါပဲ။ မလုပ်သေးဘူးဆိုရင်လည်း ကိုယ်ကိုယ်တိုင် ပြည်သူလူထုက လုပ်ပိုင်ခွင့်ပေးတဲ့အချိန်မှာ ဒါကို တစ်ခဲနက် ကောက်လုပ်မှာပါပဲ” ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌက ပြောသည်။

သန်လျင်မြို့နယ်၊ သူဌေးကွင်းစံပြကျေးရွာတွင် မေ ၂၀ ရက် (ယနေ့)နံနက်က ကျင်းပသည့် ရန်ကုန်တိုင်း အတွင်းရှိ တောင်သူလယ်သမားများတွေ့ဆုံပွဲ အခမ်းအနားတွင် ဦးသန်းဌေးက ထိုသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
NLD အစိုးရက အလုပ်သမားအရေးအတွက် အလုပ်သမားဝန်ကြီးဌာနနှင့် တိုင်းရင်းသားအရေးအတွက် တိုင်းရင်းသားရေးရာဝန်ကြီးဌာနတို့ကို ဖွဲ့စည်းထားသော်လည်း တောင်သူလယ်သမားများအတွက် သီးသန့် ဝန်ကြီးဌာနတစ်ခု မရှိသေးဟု ၎င်းက ဆိုသည်။

“လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ရှိတာပဲလို့တော့ ပြောလို့ရတယ်။ သို့သော် သူလုပ်နေတဲ့ အလုပ်တွေဟာ လယ်ယာကဏ္ဍ၊ အထူးသဖြင့် စိုက်ပျိုးရေးဘက်၊ ကုန်ထုတ်လုပ်ရေးဘက်မှာပဲ အလေးသာ နေတာကို တွေ့ပါတယ်။ ဒါကြောင့်မို့လို႔ သူတို့ရဲ့ အခွင့်အရေး၊ ရပိုင်ခွင့်တွေ ဒီဟာတွေကို ဆက်ပြီးတော့ အကောင်အထည်ဖော်ဖို့ မားမားမတ်မတ် ရပ်တည်ပေးမယ့် အဖွဲ့အစည်းတစ်ခု ရှိသင့်တယ်လို့ မြင်ပါတယ်” ဟု ဦးသန်းဌေးက ပြောသည်။

ယခင်က ရှိပြီးဖြစ်သည့် “လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန” ကို NLD အစိုးရလက်ထက်တွင် “စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန” ဟူ၍ ပြောင်းလဲဖွဲ့စည်းခဲ့သည်။

လက်ရှိ အဆိုပါဝန်ကြီးဌာနတွင် ပညာရေးနယ်ပယ်မှ ရန်ကုန်တက္ကသိုလ်၊ ပါမောက္ခချုပ်ဟောင်း ဒေါက်တာ အောင်သူကို ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ထားသည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required