မြို့ပေါင်း ငါးဆယ်ကျော်တွင် ဘောလုံးသင်တန်း ဖွင့်လှစ်နိုင်ရန် အဖွဲ့ချုပ် စီစဉ်

မြို့ပေါင်း ငါးဆယ်ကျော်တွင် ဘောလုံးသင်တန်း ဖွင့်လှစ်နိုင်ရန် အဖွဲ့ချုပ် စီစဉ်
ဘောလုံးအဖွဲ့ချုပ်မှ သင်ကြားပေးနေသော လူငယ် ဘောလုံးသင်တန်းကျောင်း တစ်ခုကို တွေ့ရစဉ်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူး၍ မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ မြို့ပေါင်း ငါးဆယ်ကျော်၌ ဘောလုံးသင် တန်းများ ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိသည်ဟု မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ပြောသည်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်အနေဖြင့် လက်ရှိတွင် ပုသိမ်နှင့် မန္တလေးတို့၌ ဘောလုံးအကယ်ဒမီ ဖွင့်လှစ် လျက်ရှိပြီး ယင်းအကယ်ဒမီမှ သက်တမ်းအလိုက် နိုင်ငံကိုယ်စားပြု လက်ရွေးစင်ကစားသမားများ မွေးထုတ်ပေးလျက် ရှိသည်။

“ အကယ်ဒမီကတော့ အခုလက်ရှိ ပုသိမ်၊ မန္တလေးကို ဒါ့ထက်ပိုပြီး ကောင်းအောင် ပြုပြင်ရပါဦးမယ်။ ရန်ကုန် မှာ အကယ်ဒမီ ထပ်လုပ်ပါမယ်။ အကယ်ဒမီကိုတော့ သေသေချာချာလေး ငါးနေရာလောက် သူများနိုင်ငံလို ၁၆ ခု မဖြစ်သော်လည်း ငါးခုလောက် လုပ်ဖို့ ရည်ရွယ်ထားပါတယ်။ လာမယ့်နှစ် ဘတ်ဂျက်မှာ ဘီလိုင်စင်ရှိတဲ့ နည်းပြနဲ့ မြို့ပေါင်း ငါးဆယ်လောက်မှာ ကလေးတွေ ကျောင်းဆင်းတဲ့ အချိန်မှာ ကစားလို့ရအောင် သင်တန်းပုံစံလုပ်ဖို့ စီစဉ်ဖို့ ရှိပါတယ်။ အကယ်ဒမီကြီးရယ် မဟုတ်ပဲ ကျောင်းဆင်းချိန်မှာ ကစားရင်း လေ့ကျင့်မှာပါ။ မြို့ခံတွေက တကယ်စိတ်ဝင် စားတဲ့ ကျောင်းတွေ ကိုရွေးလုပ်သွားမှာပါ ” ဟု ဦးဇော်ဇော်က ဥက္ကဋ္ဌ ရွေးကောက်ပွဲတွင် ပြောသည်။

၂၀၁၅ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌအသစ် ရွေးကောက်ပွဲတွင် လက်ရှိဥက္ကဋ္ဌ ဦးဇော်ဇော်ကပဲ ဆက်လက် တာဝန် ယူ ဆောင်ရွက်ရန် ရွေးချယ်ခံခဲ့ရပြီး ဒုတိယဥက္ကဋ္ဌများအဖြစ် ဒေါက်တာ စိုင်းဆမ်ထွန်းနှင့် ဦးပြည့်ဖြိုးတေဇတို့ကို ရွေးချယ် တင်မြှောက်ခဲ့သည်။ လက်ရှိ၌ ဘောလုံးအဖွဲ့ချုပ် အကယ်ဒမီအပြင် နေပြည်တော်၊ ရတနာပုံ စသည့် မြန်မာ နေရှင်နယ်လိဂ် ကလပ်များမှလည်း အကယ်ဒမီများ ဖွင့်လှစ် သင်ကြားပေးလျက် ရှိသလို ရန်ကုန်ယူနိုက်တက် အသင်းတွင်လည်း ဘောလုံးသင်တန်းများ၊ နည်းပြ သင်တန်းကျောင်းများ ဖွင့်လှစ် သင်ကြားပေးလျက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required